Entertainment

“တိုင်းပြည် ဒုက္ခပင်လယ် ဝေတာ အရင်ကတည်းက”လို့ ဆောင်းဦးလှိုင် ပြော

လက်ရှိ မြန်မာ့စီးပွားရေး ပြိုလဲတော့မယ်လို့ ဆိုကြတဲ့အပေါ် အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ အဆိုတော် ဆောင်းဦးလှိုင်က ရိုးရိုးသားသား ကြိုးစားခဲ့သူတွေရဲ့ စီးပွားရေးဟာ ဘယ်တုန်းကမှ မကောင်းခဲ့ဘူးလို့ ဆိုပါတယ်။

“စီးပွားရေး ပြိုလဲတော့မယ်လို့ ဆိုကြတယ်။ ဘယ်တုန်းကမှလည်း ရိုးရိုးသားသား ကြိုးစားခဲ့သူတွေရဲ့ စီးပွားရေးဟာ မကောင်းခဲ့ပါဘူး။ နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး၊ အားကစားနဲ့ အစစအရာရာမှာ နောက်ကျ ကျန်ရစ်ခဲ့တာပါ”

“စစ်အာဏာရှင် နှစ်ပေါင်း ၆၀ ကျော် ကြီးစိုးပြီး အရပ်သားအစိုးရ (၅) နှစ် လုပ်ခွင့်ရခဲ့တယ်။ အရပ်သားအစိုးရဟာ အာဏာ အပြည့်အဝ မရခဲ့ဘူး။ ဒါကြောင့် တိုင်းပြည် ဒုက္ခပင်လယ် ဝေတာ အခုမှ မဟုတ်၊ အရင်ကတည်းက ဖြစ်ပါတယ်”လို့ ဆောင်းဦးလှိုင်က ပြောပါတယ်။

ပြည်သူဟာ အသက်မသေ၊ မဝရေစာ စားပြီး စစ်အာဏာရှင်တွေ လုပ်သမျှ ခံခဲ့ရတာကြောင့် ကြိုးစားတော်လှန်ရမယ်လို့ ဆိုပါတယ်။

အဆိုတော် ဆောင်းဦးလှိုင် (ဓာတ်ပုံ – Song Oo Hlaing’s Facebook)

“ပြည်သူဟာ အသက်မသေ၊ မဝရေစာ စားပြီး စစ်အာဏာရှင်တွေ လုပ်သမျှ ခံခဲ့ရတယ်။ ဒီတခါတော့ ငြိမ်မခံတော့ဘူးလို့ ဆုံးဖြတ်ထားကြတယ်။ ဒုက္ခအားလုံးရဲ့ အဓိက တရားခံဟာ စစ်အာဏာရူးတွေနဲ့ သူတို့ ဩဇာခံတွေ သူတို့ မိသားစုတွေအပြင် ခရိုနီတွေ ဖြစ်တယ်”

“ပြည်သူနဲ့ တသားတည်း ကျနော်တို့ ဆက်လက် ကြိုးစား တော်လှန်နေပါ့မယ်။ လွတ်မြောက်ရာဒေသမှာ ဆိုပေမယ့် ဘယ်တော့မှ သွေးမအေးပါဘူးလို့ ကတိပေးလိုက်ပါတယ်”လို့ ဆောင်းဦးလှိုင်က ပြောထားပါတယ်။

အဆိုတော် ဆောင်းဦးလှိုင်ဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ အနုပညာရှင်တဦး ဖြစ်ပြီး၊ မြန်မာပြည်ရဲ့ နွေဦးတော်လှန်ရေးအတွက်လည်း မေလအတွင်း ပြည်ပမှာ ဖျော်ဖြေပွဲ လုပ်ရင်း ရန်ပုံငွေ ရှာဖွေပေးသွားမယ်လို့ ဆိုပါတယ်။

You may also like these stories:

“ကိုယ့်ထက် ထိခိုက်နစ်နာခဲ့ရသူတွေကို အားနာတယ်”လို့ မြတ်သူသူ ဆို

“လူငယ်တွေရဲ့ အနာဂတ် အမှောင်ကျသွားခဲ့တယ်”လို့ မောင်မျိုးမင်း ဆို

“ယုံကြည်ချက်အပြည့်နဲ့ ပူးပေါင်း တိုက်ပွဲဝင်ပေးကြပါ”လို့ ဟန်ဇော်လတ် ပြော

Loading