စစ်ကောင်စီမှ ညမထွက်ရအမိန့်ကို အချိန် ပြောင်းလိုက်တဲ့အပေါ် အဆိုတော် ဇေယျာသော်က အကျိုးအမြတ် ရအောင် အိမ်တွေထဲမှာ မီးပိတ်ပြီး တီးနေတာထက် ကိုယ့်ရပ်ကွက်၊ ကိုယ့်လမ်းတွေပေါ် အတူတူ ထွက်ပြီး သံပုံးတီးကြမယ်လို့ ဆိုပါတယ်။
“ကာဖျူးကို ည (၁၀) မှ မနက် (၄) အချိန် ပြောင်းလဲလိုက်တဲ့အပေါ် ကျနော်တို့ အကျိုးအမြတ်ရအောင် လုပ်ကြမယ်။ အနည်းဆုံး သံပုံးတီးသပိတ်ကို ပိုမိုစည်းလုံး အင်အားကောင်းလာအောင် တိုးချဲ့ကြမယ်။ ည ၈ နာရီ ထိုးတိုင်း မပျက်မကွက် ရက်ဆက် အကြမ်းဖက် စစ်အုပ်စုကို သံပုံးတီး တောထုတ်နေကြဆဲ ဖြစ်တယ်ဆိုတာ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေထဲ ဓာတ်ပုံ၊ ဗီဒီယိုတွေ ပျံ့နှံ့သွားအောင် ကြိုးစားကြမယ်”
“အိမ်တွေထဲမှာ မီးပိတ်ပြီး တီးနေတာထက် ကိုယ့်ရပ်ကွက်၊ ကိုယ့်လမ်းတွေပေါ် အတူတူ ထွက်ပြီး သံပုံးတီးကြမယ်။ ကြွေးကြော်သံတွေတိုင် သံပြိုင် ဟစ်ကြွေးကြမယ်။ အကြမ်းဖက် ခွေးရူးတွေ သံပုံးတီးသံကို ကြောက်လို့ လာရမ်းကားရင် လူထုအားနဲ့ တုံ့ပြန်ကြမယ်”လို့ ဇေယျာသော်က ပြောပါတယ်။
မနက်ဖြန်တီးမယ့် သံပုံးသံတွေ ဒီနေ့ထက် လျှံနေစေရမယ်လို့ ဇေယျာသော်က ဆိုပါတယ်။
“ကျနော်တို့ရဲ့ လမ်းတလမ်းကို လာရမ်းကားရင် ကျန်တဲ့ လမ်းတွေက အင်နဲ့အားနဲ့ ထွက်လာလို့ ရတယ်။ စစ်ခွေးရူးတွေဟာ သံပုံးတီးသံကို ဒင်းတို့ အသားပေါ် ဘာမှ မထိဘဲ အသံလေးကြားနေရရုံတင် ဘာကြောင့် ကြောက်လန့်ကြသလဲ။ သေချာ အဖြေရှာကြည့်ပါ။ သံပုံးတီးသံဟာ ကျနော်တို့ရဲ့ စုစည်းမှုကို ပြတယ်။ သံပုံးတီးသံဟာ ကျနော်တို့ရဲ့ ညီညွတ်မှုကို ပြတယ်။ သံပုံးတီးသံဟာ ကျနော်တို့ရဲ့ ဆန့်ကျင်မှုကို ပြတယ်”
“သံပုံးတီးသံဟာ ကျနော်တို့ရဲ့ အင်အားကို ပြတယ်။ ဒီတော့ ယနေ့ကစပြီး သံပုံးတီးသံတွေ မနေ့ကထက် ညံနေစေရမယ်။ မနက်ဖြန်တီးမယ့် သံပုံးသံတွေ ဒီနေ့ထက် လျှံနေစေရမယ်။ အိမ်တွေထဲကနေ လမ်းတွေပေါ် ကို ထွက်ကြမယ်။ ကျနော်တို့ရဲ့ညတွေကို ကျနော်တို့ ပိုင်တယ်။ ဒီပွဲမှာ ကျနော်တို့ နိုင်ကိုနိုင်ရမယ်။ ဒီပွဲဟာ ကျနော်တို့ နိုင်မယ့်ပွဲ ဖြစ်တယ်။ အရေးတော်ပုံ မုချ အောင်ရမည်”လို့ ဇေယျာသော်က ပြောထားပါတယ်။
အဆိုတော် ဇေယျာသော်က ဒီအကြောင်းအရာတွေကို သူ့ရဲ့ လူမှုကွန်ရက် အကောင့်မှာ ရေးသား ပြောပြထားတာဖြစ်ပြီး၊ ဇေယျာသော်ဟာ စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ တတ်အားသရွေ့ ပါဝင်ပေးနေတဲ့ အနုပညာရှင်၊ လွှတ်တော်အမတ်တဦး ဖြစ်ပါတယ်။
You may also like these stories:
“တိုင်းပြည် ဒုက္ခပင်လယ် ဝေတာ အရင်ကတည်းက”လို့ ဆောင်းဦးလှိုင် ပြော
“ကိုယ့်ထက် ထိခိုက်နစ်နာခဲ့ရသူတွေကို အားနာတယ်”လို့ မြတ်သူသူ ဆို
“လူငယ်တွေရဲ့ အနာဂတ် အမှောင်ကျသွားခဲ့တယ်”လို့ မောင်မျိုးမင်း ဆို