လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင် Speak Out လုပ်ပေးနေတဲ့ Makeup Artist၊ မော်ဒယ် ဟန်နာယူရီက မြန်မာပြည်မှာ ဖြစ်နေတာတွေကို တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ အင်တာဗျူး ဖြေခဲ့တယ်လို့ ဆိုပါတယ်။
“ကျမ မနေ့က မြန်မာအရေး ပါဝင်တဲ့ အနုပညာရှင်တယောက်အနေနဲ့ ကျမတို့ ကြုံတွေ့နေရတာတွေကို မြန်မာပြည်မှာ ဖြစ်နေတာတွေ အင်တာဗျူး လုပ်ခဲ့ပါတယ်။ အရင်က ဒီနေရာတွေ အလုပ်နဲ့ သက်သောင့်သက်သာ လာခဲ့ပေမယ့် အခုအချိန်မှာ အခြေနေတွေ မတူတာမို့ ကျမအတွက် အရာရာ ပိုခက်ခဲပါတယ်ရှင်”
“လက်ဗလာ ဘာမှ မပြင်ဆင်ဘဲ ထွက်လာခဲ့ရတဲ့ အခြေအနေမို့ ဘာဆိုဘာမှ အခြေတကျ မဖြစ်သေးပါဘူး။ မနေ့က အင်တာဗျူးနေရာ သွားဖို့ ပထမဆုံး ဘတ်စ်ကား တယောက်တည်း စီးခဲ့ပါတယ်။ လမ်းတွေမှားပြီး ၄၅ မိနစ်လောက် ယောင်ချာချာ လမ်းလျှောက်ခဲ့ပါတယ်ရှင်။ ကျမ ရအောင်ရှာ ရောက်သွားနိုင်ခဲ့ပါတယ်”လို့ ဟန်နာယူရီက ပြောပါတယ်။
မြန်မာပြည်မှာ ရင်ဆိုင်ခဲ့ရတာတွေကို ပြောရင်း ဝမ်းနည်းအားငယ်တာမို့ ငိုခဲ့ရတယ်လို့ ဟန်နာယူရီက ဆိုပါတယ်။
“ကျမက English လိုပဲ ဖြေဆိုခဲ့ပါတယ်။ နိုင်ငံရေးသမား မဟုတ်တဲ့ ပြည်သူတဦး ခံစားချက်တွေပါ။ ကျမ နိုင်ငံက ပြည်သူတွေကို အရမ်းသနားတယ်။ ကျမတို့ ရင်ဆိုင်ခဲ့ရတာတွေကို ပြောရင်း ဝမ်းနည်းအားငယ်တာမို့ ပြောရင်း ငိုခဲ့ပါတယ်။ အခုချိန်ထိကို အန္တရာယ်တွေထဲကနေ ကျမအတွက် စိတ်ပူပေးနေတဲ့ ကျမ ချစ်မြတ်နိုးရတဲ့ Follower တွေအတွက် ပိုစိတ်မကောင်း ဖြစ်မိပါတယ်”လို့ ဟန်နာယူရီက ပြောပါတယ်။
ဆက်လက်ပြီး ဟန်နာယူရီက တတ်နိုင်သလောက် အစွမ်းကုန် ကြိုးစားကာ အမှန်တရားဘက်က ရပ်တည်နေမှာပါလို့ ဆိုပါတယ်။
“တတ်နိုင်သလောက် ကျမက အစွမ်းကုန် ကြိုးစားရင်း ကျမ ချစ်တဲ့သူတွေနဲ့ အမှန်တရားဘက်က ရပ်တည်နေမှာပါ။ အများကြီး ကူညီချင်တယ်။ ဒီအချိန်မှာ အားပေးစကားနဲ့ ဒီလိုလေးတွေပဲ ကူညီလုပ်ပေးနိုင်တဲ့အတွက်လည်း တောင်းပန်ပါတယ်။ အတူတူ ရှိနေမှာမို့ အားတင်းထားပေးပါရှင်”လို့ ဟန်နာယူရီက ပြောထားပါတယ်။
Makeup Artist ဟန်နာယူရီဟာ Beauty Influencer နဲ့ Freelance Model တဦးဖြစ်ပြီး၊ ဒီအကြောင်းအရာတွေကို သူ့ရဲ့ Followers ၁ ဒသမ ၃ သန်းရှိတဲ့ လူမှုကွန်ရက် အကောင့်ကနေ ရေးသား ပြောပြထားတာ ဖြစ်ပါတယ်။
You may also like these stories:
သံပုံးတီးသပိတ်ကို ပိုအားကောင်းအောင် တိုးချဲ့ဖို့ ဇေယျာသော် တိုက်တွန်း
“တိုင်းပြည် ဒုက္ခပင်လယ် ဝေတာ အရင်ကတည်းက”လို့ ဆောင်းဦးလှိုင် ပြော
“ကိုယ့်ထက် ထိခိုက်နစ်နာခဲ့ရသူတွေကို အားနာတယ်”လို့ မြတ်သူသူ ဆို