စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ တက်ကြွစွာ ပါဝင်ခဲ့တဲ့ အလှမယ် ထားထက်ထက်ဟာ ဖေဖော်ဝါရီလ အစကတည်းက လမ်းပေါ်ထွက် ဆန္ဒပြခဲ့တာဖြစ်ပြီး၊ အခုဆိုရင် တော်လှန်ရေး နယ်မြေတခုကို ရောက်နေခဲ့တာ ၁ လကျော်သွားပြီလို့ ဆိုပါတယ်။
“ကျမတို့အားလုံးရဲ့ လွတ်လပ်မှုတွေ အခွင့်အရေးနဲ့ အရာရာ ဆုံးရှုံးကြရတာ ဒီနေ့ဆို ရက် ၁၀၀ ပြည့်ခဲ့ပြီ။ ကျမ တော်လှန်ရေး နယ်မြေတခုကို ရောက်ခဲ့တာလည်း ၁ လနဲ့ ၁၁ ရက် ရှိခဲ့ပြီ။ ကျမတို့တွေ နိုင်မှ ပြန်လာလို့ ရမယ်။ ကျမတို့တွေ နိုင်မှ အဖမ်းခံထားရသူတွေ လွတ်မယ်။ ကျမတို့တွေ နိုင်မှ အသက်ပေးခဲ့ရသူတွေ ကျေနပ်မယ်။ ကျမတို့တွေ နိုင်မှ မိသားစုတွေ ပြန်ဆုံဆည်းနိုင်မယ်”
“ကျမ နိုင်ငံရေးလုပ်တာ မဟုတ်ပါဘူး။ စစ်အာဏာရှင် စနစ်ဆိုးကို တော်လှန်ရေး လုပ်တာ။ ကျမ တော်လှန်ရေးလုပ်တာ ဘာရပိုင်ခွင့်၊ ဘာအခွင့်အရေး၊ ဘာအရောင်အစွဲမှ မပါဝင်ဘူး။ ကျမတို့ ဒီအာဏာရှင်စနစ်ဆိုးကို ဖြိုဖျက်နိုင်ဖို့ပဲ”လို့ ထားထက်ထက်က ပြောပါတယ်။
ထားထက်ထက်က မတရား အနိုင်ကျင့်တာကို လက်မခံနိုင်တာ အခုချိန်မှ မဟုတ်ဘဲ အရပ်သား အစိုးရ လက်ထက်ကတည်းကလို့ ဆိုပါတယ်။
“မတရားအနိုင်ကျင့်တာကို လက်မခံနိုင်တာ အခုချိန်မှ မဟုတ်ပါဘူး။ ကျမသည် အရပ်သားအစိုးရတုန်းကလည်း မတရားအနိုင်ကျင့်တာ အာဏာပါဝါနဲ့ လုပ်ချင်တိုင်းလုပ် ခြယ်လှယ်တာကို လက်မခံနိုင်လို့ ဝန်ကြီးအဆင့် ရောက်သည်အထိ တယောက်တည်း ရင်ဆိုင်ခဲ့တာပါ အခုအချိန်မှာလည်း ဘယ်လိုမှ မနေနိုင်ဘူး။ ဒီအတွက် ကျမ ဆန္ဒပြခဲ့တယ်။ ရသမျှနည်းနဲ့ ပြန်တိုက်မယ်”
“ကျမ လုပ်နိုင်တာ ကူနိုင်တာ စွန့်လွှတ်နိုင်တာ အသက်အထိ ပေးဆပ်ဖို့ အသင့်ပဲ။ အခု ကျမတို့ရဲ့ အဓိက ရည်ရွည်ချက်က တခုတည်းပဲ။ အဲ့ဒါက နှစ် ၆၀ နီးပါးလောက် အမြစ်တွယ်ခဲ့တဲ့ စစ်အာဏာရှင် စနစ်ဆိုး ကျမတို့ရဲ့ မျိုးဆက်မှာ အဆုံးထိ ပျက်သုဉ်းဖို့အတွက် တိုက်ပွဲဝင်ဖို့”လို့ ထားထက်ထက်က ပြောပါတယ်။
ဆက်ပြီး “၂၀၂၁ ဖေဖော်ဝါရီမှ စပြီး ကျမတို့တွေ အားလုံး ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြခဲ့ကြတယ်။ ရက်စက်စွာ ပစ်သတ်ခံခဲ့ကြရတယ်။ မတရားအနိုင်ကျင့် လုယက်ပြီး လက်နက် မရှိတဲ့ ပြည်သူလူထုကို စစ်မြေပြင်အလား ရက်စက်မှုတွေကို ခံရတယ်။ လိုချင်ရင် တိုက်ယူဆိုတဲ့ စကားအတိုင်း ပြန်တိုက်ယူရမယ့်အချိန် ရောက်လာခဲ့ပြီ ဖြစ်တယ်”
“ပွဲကြီး ပွဲကောင်းတခုအတွက် အချိန်ယူ လေ့လာမှု လေ့ကျင့်မှု၊ ပြင်ဆင်မှုတွေ၊ စိတ်ရှည်သည်းခံမှုတွေတော့ အများကြီး လိုအပ်တယ်။ လက်နက်ပဲကိုင်ကိုင်၊ ကလောင်ပဲကိုင်ကိုင်၊ ကီးဘုတ်ပဲကိုင်ကိုင်၊ ပိုက်ဆံပဲကိုင်ကိုင် သူ့နေရာနဲ့သူ တတ်နိုင်တဲ့နေရာမှာ ဝင်ဖြည့်မှ ပြီးပြည့်စုံမှာပါ။ တော်လှန်ရေးအတွက် ဘယ်နေရာကပဲ ပါဝင်သည်ဖြစ်စေ အဓိက,က ရင်ထဲကနေ စစ်မှန်တဲ့ နှလုံးသားနဲ့ ပါဝင်နေဖို့ပဲ လိုတယ်”လို့ ထားထက်ထက်က ဆိုပါတယ်။
“ပိုင်ဆိုင်မှုတွေအကုန် စွန့်လွှတ်ခဲ့ပြီးတဲ့အချိန်မှာ ဆုံးရှုံးစရာဆိုတာ ဘာမှ မရှိတော့ပါဘူး။ NUG ကနေ PDF Ready ဆိုပြီး Call ခေါ်တဲ့အချိန်မှာ ကျမတို့တွေဘက်က အဆင်သင့်ဖြစ်နေဖို့ပါပဲ။ ကျမတို့အားလုံးရဲ့ အရေးတော်ပုံကြီး အောင်ရမည်”လို့ ထားထက်ထက်က ပြောပါတယ်။
တော်လှန်ရေးကြီး ပြီးဆုံးသွားတဲ့အခါ သူ ရူးသွပ်တဲ့ အနုပညာအလုပ်ကို လုပ်နိုင်သလောက် ဆက်လုပ်ချင်တယ်လို့လည်း ထားထက်ထက်က ဆိုပါတယ်။
“ဒီအရာကြီး ပြီးဆုံးသွားတဲ့အခါ ကျမ နှစ်သက်ရူးသွပ်တဲ့ အနုပညာအလုပ်ကို ကျမ လုပ်နိုင်သလောက် ဆက်လုပ်ချင်တယ်။ ပြီးရင် ကျမရဲ့ နောက်ထပ် Profession ဖြစ်တဲ့ ကျမ ချစ်ရတဲ့ ကလေးလေးတွေကို ကျွမ်းဘားပညာ ဆက်သင်ပေးပြီး အေးအေးဆေးဆေး ပျော်ရွှင်သာယာ အေးချမ်းတဲ့ ဘဝလေးတခု အမြန်ဆုံး တည်ဆောက်ပြီး နေချင်တယ်”လို့ ထားထက်ထက်က ပြောထားပါတယ်။
အလှမယ် ထားထက်ထက်ကတော့ ဒီအကြောင်းအရာတွေကို သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကနေ ရေးသား ပြောပြခဲ့တာဖြစ်ပြီး၊ ထားထက်ထက်ဟာ စစ်ကောင်စီရဲ့ ဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားတဲ့ အနုပညာရှင်တဦးလည်း ဖြစ်ပါတယ်။
You may also like these stories:
ကနီမြို့ အထက်ပိုင်း ချင်းတွင်းမြစ်တွင် ရေကြောင်းတိုက်ပွဲ ဖြစ်
မြန်မာပြည်တွင် စစ်ပွဲများ ကျယ်ပြန့်လာနေသည်
မုဒုံတွင် မီးနေသည်အမျိုးသမီးနှင့် ရက် ၂၀ အရွယ်ကလေးအား ဓားစာခံအဖြစ်ဖမ်းဆီး