Entertainment

အစ်ကိုတယောက် အနေနဲ့ ညီငယ်အတွက် စိတ်မကောင်းဖြစ်နေတဲ့ Leo

အိပ်မက်ဆုံရာကနေ ပရိသတ် အားပေးမှု ရရှိခဲ့တဲ့ အဆိုတော် Leo က သူရဲ့ ညီလေး အင်းစိန်ထောင်ကို သူ့ သူငယ်ချင်းတွေနဲ့အတူ ရောက်သွားပြီလို့ သိရတာကြောင့် စိတ်ပူမိတယ်လို့ ဆိုပါတယ်။

“စစဖမ်းခံရတဲ့နေ့မှာ ပို့စ်တင်မလို့ပဲ။ ဒါပေမဲ့ ဘယ်လိုလူတွေရဲ့လက်ထဲရောက်သွားလဲဆိုတာ မသေချာ တော့ ကလေးကို မတရား နှိပ်စက်မှာစိုးလို့ အခုမှ တင်လိုက်တာပါ။ ဒီနေ့ပဲ အင်းစိန်ထောင်ကို သူ့သူငယ်ချင်းတွေနဲ့အတူ ရောက်သွားပြီလို့ သိရပါတယ်”

“ညီအငယ်ဆုံးလေးမို့ စိတ်ပူမိတယ်။ ကလေးက လောကအကြောင်း ဘာမှ မသိသေးပါဘူး။ သူ့မှာ ရည်မှန်းထားတဲ့ အနာဂတ်ခရီးတွေ ရှိပါတယ်။ သူတို့ရဲ့ အနာဂတ်အတွက် လုပ်သင့်တာလုပ်ရင်း တညမှာ ဒလံရဲ့သတင်းပေးမှုနဲ့ အဖမ်းခံလိုက်ရတာပါ”လို့ Leo က ဆိုပါတယ်။

အစ်ကိုတယောက်အနေနဲ့ အတတ်နိုင်ဆုံး လုပ်ပေးခဲ့ပေမယ့် ဒီကာလကြီးမှာ သူ့ကို လုံခြုံအောင် မကာကွယ်ပေးခဲ့နိုင်ဘူးလို့ ဆိုပါတယ်။

အဆိုတော် Leo ရဲ့ ညီငယ် (ဓာတ်ပုံ – Leo Naing’s Facebook)

“ညီငယ်လေးက ငယ်ငယ်လေးကတည်းက မျက်လုံးမှုန်တတ်တာကြောင့် TV ကို ၁၀ လက်မ အကွာကနေ ကြည့်ရပါတယ်။ ငယ်ငယ်လေးနဲ့ မျက်မှန် အထူကြီး ပါဝါအများကြီးနဲ့ တပ်ခဲ့ရပါတယ်။ ကြီးလာမှသာ မျက်မှန်တပ်တဲ့အကျင့် မလုပ်ပေမယ့် အခုထိ အမြင်အာရုံ မကောင်းပါဘူး။ အဲ့ဒါနဲ့ နောက်ဆက်တွဲကတော့ စာလိုက် မမှတ်နိုင်တာပါပဲ။ အဲ့ဒါကြောင့် ကျောင်းအပြီး မတက်ခဲ့ရဘဲ တဝက်တပျက်နဲ့ ကျောင်းထွက်ခဲ့ရပါတယ်”

“အိမ်မှာ ဒီအတိုင်းနေရင် ဘာမှ မတိုးတက်လာမှာကြောင့် အလုပ်ထွက်လုပ်ခိုင်းလို့ လုပ်ပေမယ့် ပင်ပန်းနေတာတွေ့ရင် အရမ်းစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဖြစ်နိုင်ရင် ဘာမှမလုပ်ခိုင်းဘဲ လူငယ်ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းစေပြီး ပညာတတ်ကြီးဖြစ်အောင် ပြုစုပျိူးထောင်နိုင်ခဲ့ချင်တာပါ။ အစ်ကိုတယောက်အနေနဲ့ အတတ်နိုင်ဆုံး လုပ်ပေးခဲ့ပေမယ့် ဒီတခါမှာတော့ ကျနော် ညံ့သွားပါတယ်။ ဒီကာလကြီးမှာ သူ့ကို လုံခြုံအောင် မကာကွယ်ပေးခဲ့နိုင်ပါဘူး”လို့ Leo က ဆိုပါတယ်။

ဆက်လက်ပြီး ညီငယ်နဲ့အတူ ပါသွားတဲ့ ညီငယ်တွေနဲ့ ညီမလေးလည်း ဘေးကင်းပါစေလို့ ဆုတောင်းပေးထားပါတယ်။

အဆိုတော် Leo (ဓာတ်ပုံ – Leo Naing’s Facebook)

“ညီငယ်ရဲ့ အသံကို အမေလွမ်းနေတော့မှာပဲ။ ညီငယ်က တခါတလေ ခေါင်းမာတတ်တာ တဇွတ်ထိုးလုပ်တတ်တာကလွဲရင် ကျနော် ဆိုဆုံးမရင် နားထောင်ပါတယ်။ လိမ္မာပါတယ်။ သူတပါးအပေါ် ယုတ်မာတဲ့ စိတ်ထား လုံးဝ မရှိဘဲ အပေါင်းအသင်းကို အရမ်းချစ်တဲ့ လူငယ်တွေထဲက တယောက်ပါ။ ဒါကြောင့်လည်း ဒီကာလမှာ သူငယ်ချင်းတွေနဲ့အတူ လူပ်ရှားရင်း ခုလိုအခြေအနေ ရောက်ခဲ့တာပါပဲ”

“သူနဲ့အတူ ပါသွားတဲ့ ညီငယ်တွေနဲ့ ညီမလေးလည်း ဘေးကင်းပါစေလို့ ဆုတောင်းပေးပါတယ်နော်။ အရေးတော်ပုံကြီး အောင်ဖို့ လုပ်သင့်တာ လုပ်ရင်း ခုလိုဖြစ်သွားတာကို စိတ်မကောင်းပေမယ့် ဂုဏ်ယူပါတယ်”

“သူတပါး သားသမီးတွေနဲ့ မိခင်တွေ မိသားစုတွေ မျက်ရည်ကြီးငယ်ကျမှ သေကွဲရှင်ကွဲ ကွဲကြရမှ၊ လူငယ်တွေရဲ့အနာဂတ်တွေ ဖျက်ဆီးခံရ နင်းချေခံရမှ အဲ့ဒီလူတွေ ပျော်ကြတယ်၊ စားဝင်ကြတယ်ဆိုရင် လိပ်ပြာလုံကြပါစေ။ တနေ့ကျရင် အမှန်တရားသာ နိုင်ရမှာပါ။ ကိုယ်ဟာ နောင်အနာဂတ်မှာ ငါဟာ အတိတ်က ဘယ်လိုလူဖြစ်ခဲ့တယ်ဆိုတာ ပြန်တွေးပြီး လိပ်ပြာလုံနိုင်ကြပါစေ”လို့ Leo က ပြောထားပါတယ်။

You may also like these stories:

ပစ်တိုင်းထောင် ဝတ်စုံနဲ့ ယှဉ်ပြိုင်မယ့် အလှမယ် သူဇာဝင့်လွင်

စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်မယ့် ထားထက်ထက်

ဘဏ်တွေမှာ ငွေထုတ်ရ ခက်ခဲတဲ့အပေါ် ထုတ်ပြောလာတဲ့ မေဦး

Loading