မြန်မာသံ အဆိုတော် မေသက်ထားဆွေဟာ သာသနာ့နွယ်ဝင် သီလရှင်အဖြစ် ရာသက်ပန် ဝင်ရောက်သွားကြောင်း ဆရာတော် အရှင်သုဘောဂ (ဓမ္မာစရိယ) က မိန့်ကြားထားပါတယ်။
“ဆရာလေး သောမာထေရီ/ မေသက်ထားဆွေ၊ ဆရာလေး ဘယ်နှရက် ဝတ်မှာလဲ။ ရာသက်ပန်ပါဘုရား။ ဆရာလေး ဘာရည်ရွယ်ချက်နဲ့ ဝတ်တာလဲ။ စာသင်ပြီး သီလရှင်ဘဝနဲ့ တရားဟောကြားချင်ပါတယ်ဘုရား။ သာဓု သာဓု သာဓုပါ ဆရာလေး” လို့ ဆရာတော် အရှင်သုဘောဂမှ မိန့်ကြားထားပါတယ်။
မေသက်ထားဆွေဟာ အဓိဋ္ဌာန်တခု ၉ ရက် ပြုကျင့်ရာမှ ရာသက်ပန် ဝတ်ရန် သန္နိဋ္ဌာန် ချခဲ့တယ်လို့ ဆိုပါတယ်။
“ဗောဓိရိပ်ငြိမ် တောရဆရာတော်ကြီး၏ မေတ္တာရိပ်ဝယ် အဓိဋ္ဌာန်တခု ၉ ရက်ပြုကျင့်၍ ပြည့်ဝခဲ့ပြီး ခိုင်မာ ပြတ်သား၍ လောကီကျော်ကြား ဂုဏ်ပကာသနများစွာကို စွန့်လွတ်စိတ် အပြည့်ဖြင့် စွန့်လွှတ်ပြီး လူ့ဘဝမှ မြင့်မြတ်သည့် သီလရှင်ဘဝကို ရာသက်ပန် ဝတ်ရန် သန္နိဋ္ဌာန်ချ၍ တရားဘာဝနာ အားထုတ်၍ ကြိုးပမ်းမှုအား မယုံကြည်နိုင်လောက်အောင် အံ့ဩမိပါတယ်”လို့ ဆိုပါတယ်။
ဆရာလေး သောမာထေရီအား “လေးစားလွန်းတယ်။ အားကျရလွန်းတယ်။ အသက်ငယ်ပေမယ့် အပူထဲ အအေးသို့ အမှန်တကယ်က ရုန်းထွက်နိုင်ခဲ့တဲ့ ဆရာလေး၊ တရားထူး တရားမြတ်ရ၍ ရည်မှန်းချက် ပန်းတိုင်ဖြစ်သော နိဗ္ဗာန်သို့ မျက်မှောက် ပြုနိုင်ပါစေ။ တလေးတစား ရိုသေစွာ ကန်တော့လိုက်ပါတယ်”လို့ အဆိုတော် နွေးနွေးချစ်ဖွယ်က ဆိုပါတယ်။
ငယ်စဉ်ကတည်းက အဆိုပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးမှုကို ရရှိခဲ့တဲ့ မေသက်ထားဆွေဟာ အသက် ၉ နှစ် အရွယ်ကတည်းက မြန်မာသံစဉ် သီချင်းများကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တဲ့ ဆယ်ကျော်သက် အနုပညာရှင်တဦး ဖြစ်ပါတယ်။
တေးသံရှင် မေသက်ထားဆွေဟာ ပြီးခဲ့တဲ့နှစ်က Shwe FM ရေဒီယိုရဲ့ (၁၁) နှစ်ပြည့် နှစ်ပတ်လည် ပွဲမှာ “အနားနားမှာ” သီချင်းနဲ့ “ရွှေပရိသတ် အတောင်းခံရဆုံး မြန်မာသံ တေးသံရှင်ဆု” ကို ရရှိခဲ့ပါတယ်။