အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြို့ (Miami) မှာ ကျင်းပခဲ့တဲ့ Miss Universe ပြိုင်ပွဲ National Costume Competition မှာ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် သူဇာဝင့်လွင်က ချင်းရိုးရာ ဝတ်စုံနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။
အလှမယ် သူဇာဝင့်လွင်ဟာ National Costume ပွဲမှာ အစက မြန်မာ့ရိုးရာ ကစားစရာအရုပ် ပစ်တိုင်းထောင်ကို ဖော်ညွှန်းထားတဲ့ ဝတ်စုံနဲ့ ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားပြီး၊ ဝတ်စုံ အချိန်မီ ရောက်မလာတဲ့ အခက်အခဲကြောင့် ချင်းရိုးရာ ဝတ်စုံနဲ့ အစားထိုး ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
“Miss Universe Myanmar ပွဲမှာ ချင်းပြည်နယ်ရဲ့ ဟားခါးမြို့ကို ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့ပြီး အခုတခါ Miss Universe ပြိုင်ပွဲကြီးရဲ့ National Costume competition မှာလည်း ချင်းဝတ်စုံကို ဝတ်ဆင်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုခွင့်ရတာခဲ့တာ တကယ်ကို မှတ်မှတ်ရရ ဖြစ်စေတဲ့ တိုက်ဆိုင်မှု တခုပါပဲ”
“ကျမရဲ့ နဂို စီစဉ်ထားတဲ့ National Costume ဟာ အကြောင်းအမျိုးမျိုးကြောင့် အချိန်မီ ရောက်မလာနိုင်ခဲ့ပါဘူး။ ကံကောင်းထောက်မစွာနဲ့ပဲ အမေရိကမှာရှိတဲ့ ချင်းလူမျိုး မိတ်ဆွေတို့ရဲ့အကူအညီနဲ့ ချင်းဝတ်စုံ လှလှလေးကို ဝတ်ဆင်ပြီး အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်”လို့ သူဇာဝင့်လွင်က ပြောပါတယ်။
ဒါ့အပြင် Miss Universe Myanmar သူဇာဝင့်လွင်ဟာ နိုင်ငံတကာ စင်မြင့်ထက်မှာ မြန်မာနိုင်ငံအတွက် ဆုတောင်းပေးဖို့ “Pray for Myanmar” ဆိုတဲ့ စာသားကိုင်ကာ တင်ဆက် တောင်းဆိုခဲ့ပါတယ်။
“အခုလို ကျမကို National Costume အတွက် အကူအညီပေးပြီး ချင်းသမီးပျိုလေး နောက်တကြိမ်ဖြစ်ခွင့်ပေးခဲ့တဲ့ အမေရိကရောက် ချင်းလူမျိုးများနှင့် ချင်းတောင်တန်း (အတ္တလန်တာ, ဂျော်ဂျီယာ) အဖွဲ့ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ပြောပါရစေရှင်။ ၁၆ ရက်နေ့ Final ပွဲကြီးအထိ ဆက်လက် အားပေးသွားကြဖို့လည်း တောင်းဆိုပါတယ်”လို့ သူဇာဝင့်လွင်က ပြောထားပါတယ်။
Miss Universe Myanmar 2020 အလှမယ် သူဇာဝင့်လွင်ဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်ပြီး၊ လက်ရှိ မြန်မာ့နိုင်ငံရေးအကြောင်းကိုလည်း Speak Out လုပ်ပေးနေသူ ဖြစ်ပါတယ်။