ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့ဟာ အဆိုတော် ပိုပိုရဲ့ မွေးနေ့ပါ။ အဆိုတော် ပိုပိုဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီး၊ လက်ရှိမှာတော့ စစ်ကောင်စီရဲ့ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခြင်းခံထားရပြီး အင်းစိန်ထောင်မှာ ရောက်ရှိနေပါတယ်။
အဆိုတော် ပိုပိုရဲ့ မွေးနေ့မှာ သူငယ်ချင်းဖြစ်သူ အဆိုတော် ဟိဏ်းသစ်က အလှူဒါန ကုသိုလ် ကောင်းမှု ပြုခဲ့ပြီး ပိုပို နေကောင်းကျန်းမာဖို့နဲ့ အမြန်ဆုံး ပြန်လွတ်မြောက်လာဖို့ ဆုတောင်းပေးခဲ့ပါတယ်။ ပိုပိုနဲ့ စသိခဲ့တဲ့ အမှတ်တရတွေအကြောင်းကိုလည်း ဟိဏ်းသစ်က အခုလိုပဲ ပြောထားပါတယ်။
“ကျနော့် သူငယ်ချင်း ပိုပိုရဲ့ မွေးနေ့၊ သူနဲ့စသိခဲ့တာ ကျနော့် ပထမဆုံးအခွေ၊ သူ့ပထမဆုံးအခွေ စည်ပင် ကြော်ငြာဘုတ်အတွက် စည်ပင်ရုံးမှာ ကိုယ်တိုင်စာရွက်လေးတွေ ကိုင်ပြီး လူကြီးကို မတ်တပ်ရပ်စောင့်ရတဲ့ အချိန်မှာပေါ့။ သူလည်း နိုင်ငံကျော် မဟုတ်သေးဘူး။ ကျနော်လည်း ဘာမှ မဟုတ်သေးဘူး”
“နှစ်ယောက်သား မျက်စိသူငယ်၊ နားသူငယ်နဲ့ စည်ပင်လူကြီးက မရောက်သေးလို့၊ ထမင်းစားနားလို့၊ Tea Time (လက်ဖက်ရည်သောက်ချိန်) မို့လို့ဆိုပြီး ခွင့်ပြုကြောင်း လက်မှတ် မထိုးပေးချိန်မှာ အပြင်မှာထိုင်စရာ မရှိ မတ်တပ်ရပ်စောင့်ရတဲ့ အချိန်၊ ကျနော်တို့ နှစ်ယောက်လုံးက ကိုယ်တိုင် စာရွက်လေးတွေကိုင်ပြီး လက်မှတ်ထိုးရတာပေါ့”လို့ ဟိဏ်းသစ်က ပြောပါတယ်။
နောက်ပိုင်း ပရိုမိုးရှင်းပွဲတခုက အပြန်မှာ ပိုပိုနဲ့ ပိုပြီး ရင်းနှီးခဲ့တဲ့ အကြောင်းကိုလည်း ဟိဏ်းသစ်က အခုလိုပဲ ဆိုပါတယ်။
“အဲ့ချိန်စကားတွေပြော၊ ရင်တွင်းဖြစ်တွေ ပြောရင်း ရင်းနှီးခဲ့ကြတယ်။ နောက်ပိုင်း ပရိုမိုးရှင်းပွဲတခုကအပြန် သူက ပွဲလာတော့ ဝတ်စား စားထားတာပေါ့။ ပြန်မယ်လုပ်တော့ သူ့မှာ ကားကလည်း မရှိ၊ Taxi ကလည်း မစီးနိုင်၊ သူ ဘတ်စ်ကားနဲ့ ပြန်မယ်ပြောတော့ ကျနော်က မလုပ်ပါနဲ့ ကျနော် လိုက်ပို့မယ်ဆိုပြီး လိုက်ပို့ပြီး ရင်းနှီးမှုတွေ ပိုရခဲ့ပါတယ်”လို့ ဆိုပါတယ်။
ဆက်လက်ပြီး ဟိဏ်းသစ်က ပိုပိုနဲ့ စခင်ကတည်းက လူရင်းတွေလို ခင်မင်ခဲ့ကြပြီး ပိုပိုရဲ့ သူငယ်ချင်းတွေအပေါ် ထားတဲ့စိတ်အကြောင်းလည်း အခုလို ဆိုပါတယ်။
“နှစ်ယောက်စလုံးက စသိကတည်းက အရင်တည်းကသိတဲ့ လူရင်းတွေလို၊ ပွင့်လင်းရင်းနှီးပြီး စိတ်ရှင်းရှင်းနဲ့ ပေါင်းခဲ့တယ်။ တယောက်နဲ့ တယောက် သာတယ် နာတယ်မရှိဘဲ ကူညီဖေးမခဲ့တယ်”
“သူငယ်ချင်းတွေအပေါ် သူ့မှာရှိတာ အကုန်စား၊ သူ့မှာ ရှိတာယူ၊ လိုအပ်တာ မငြီးမညူ ကူညီပြီး အရမ်းကောင်းခဲ့တဲ့သူ၊ မရှိဆင်းရဲသားနဲ့ အဘိုးအဘွားတွေ တွေ့ရင် သူ့မှာရှိသမျှ ဟင်းဖိုး ဆွမ်းလောင်းဖိုးအတွက်က လွဲရင် အကုန်လှူ၊ မရှိရင် ချေးငှားပြီးလှူတဲ့ထိ အလှူအတန်းရက်ရောတဲ့ ကျနော့် သူငယ်ချင်းပါ”လို့ ဟိဏ်းသစ်က ဆိုပါတယ်။
နှစ်တိုင်းနီးပါး ပိုပိုနဲ့အတူ မွေးနေ့တွေ ဖြတ်သန်းဖြစ်ခဲ့ပြီး ဒီနှစ်မှာတော့ အတူ မဖြတ်သန်းနိုင်တာကြောင့် ပိုပို အဆင်ပြေရဲ့လား စိတ်မကောင်းဖြစ်မိတယ်လို့ ဆိုပါတယ်။
“နှစ်တိုင်းနီးပါးအတူတူ ဖြတ်သန်းခဲ့တဲ့ သူ့မွေးနေ့မှာ ဒီနှစ် သူနဲ့ အတူတူ မဖြတ်သန်းရဘူး။ သူ ဒီနှစ်မွေးနေ့မှာ အလှူအတန်းတွေ မလုပ်နိုင်ဘူး။ သူအဆင်ပြေရဲ့လား။ သူငယ်ချင်းတယောက်အနေနဲ့ စိတ်အတော် မကောင်းဘူး။ ယူကြုံးမရ ဖြစ်တယ်။ ဝမ်းနည်းတယ်”
“ပိုပို့အတွက် သူ့အစား ဒီနှစ်မွေးနေ့မှာ ဘုန်းကြီးကျောင်းကို ဆွမ်းနဲ့ သစ်သီးတွေ လှူဒါန်းပေးခဲ့တယ်။ သူ ပြန်လာရင် ဘယ်လောက် သတိရကြောင်း ပြောရမယ်။ အခုလှူဒါန်းတဲ့ ကောင်းမှု ကုသိုလ်ကြောင့် အဆင်ပြေ အေးချမ်းပါစေ။ နေကောင်း ကျန်းမာပါစေ။ အမြန်ပြန်လာပါစေ။ ပြည်သူများလည်း ဘေးအန္တရာယ် ကင်းဝေးပါစေ”လို့ ဟိဏ်းသစ်က ပြောထားပါတယ်။
You may also like these stories:
ချင်းရိုးရာ ဝတ်စုံနဲ့ ပတ်သက်ပြီး သုံးသပ်ပြခဲ့တဲ့ ဒီဇိုင်နာ အိုင်းဒီး
ညီမဖြစ်သူ သူဇာဝင့်လွင်အတွက် စိတ်ပူနေတဲ့ သရုပ်ဆောင် မေ
အခက်အခဲတွေကြားက မြန်မာ့ဂုဏ်ဆောင် အလှမယ် သူဇာဝင့်လွင်