“ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ” ဖွင့်လှစ်ထားတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေက ပြီးခဲ့တဲ့ရက်က စွန့်ပစ်ခံ ၄ လသားအရွယ် ကလေးတဦးကို ခေါ်ယူ မွေးစားဖြစ်ခဲ့တဲ့အကြောင်း သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ အခုလိုပဲ မျှဝေထားပါတယ်။
“အသက် တချောင်း ကယ်ဖြစ်ခဲ့ပါတယ်ရှင်။ သနားစရာ စွန့်ပစ်ခံ ၄ လသားအရွယ် သားလေးကို သွားရောက် ခေါ်ယူ မွေးစားဖြစ်ပါတယ်။ ကလေးက တကိုယ်လုံး ခြင်ကိုက်ဖုတွေနဲ့ အာဟာရ ပြတ်လပ်ကာ ဗိုက်တွေပူပြီး ပုံမှန် အခြေအနေမျိုး မဟုတ်တာလည်း တွေ့ရတဲ့အတွက် “ပါရမီ” အထူးကုဆေးရုံသို့ တန်းပြကာ လိုအပ်တာများ ပြုလုပ်ခဲ့ပါတယ်”လို့ ခိုင်နှင်းဝေက ပြောပါတယ်။
အဆိုပါ ကလေးငယ်ဟာ “ခိုင်” မိသားစုရဲ့ အယောက် ၅၀ မြောက် မွေးစားခံရတဲ့ ကလေးဖြစ်ပြီး၊ သားလေး ကျန်းမာဖို့ ကလေးအထူးကု ပါရဂူနဲ့ ပြသခဲ့တယ်လို့ ဆိုပါတယ်။
“ကျမတို့ “ခိုင်” မိသားစုရဲ့ အယောက် ၅၀ မြောက် သားလေး သက်ရှည် ကျန်းမာပါစေ။ ကံကောင်းပါစေရှင်။ “ခိုင်” မိသားစုမှ ကလေးတွေ အားလုံးကို မေတ္တာဖြင့် စမ်းသပ်ခ မယူဘဲ အမြဲ ကြည့်ရှုစောင့်ရှောက်ပေးပါသော ကလေးအထူးကု ပါရဂူ ဒေါက်တာ ဒေါ်ခင်ခင်ထား ဆရာဝန်မကြီးကိုလည်း ကျေးဇူး အများကြီးတင်ပါတယ်ရှင်”လို့ ခိုင်နှင်းဝေက ပြောပါတယ်။
ခိုင်နှင်းဝေဟာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အိမ်ခြေ ၁၅၀ နှင့် သက်ကြီးရွယ်အိုများ၊ နာမကျန်းသူများ အယောက် ၁၀၀ အတွက် ဆန် ၅ ပြည်၊ ဆီ၊ ငါးခြောက်၊ကုလားပဲ၊ အားဆေး၊ ကြက်သွန်နှင့် အလှူငွေ ၁ သောင်းကျပ်စီ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
“စာရင်းကောက်ထားတဲ့အပြင် တခြားရပ်ကွက်မှ အဘိုးဘွားများပါ ရောက်လာကြတဲ့အတွက် နေပူထဲ လာရပြီး မလှူလိုက်ရ မဖြစ်အောင် ပါလာသမျှ ပိုက်ဆံအကုန် လှူဖြစ်ခဲ့ပါတယ်။ ဘာ အကျိုးအမြတ်မှ မမျှော်ကိုးဘဲ သဒ္ဓါဖြူသည့် အလှူအကျိူးအား ကျမနှင့်အတူ စေတနာ အလှူရှင်များ၊ ၇ ရက် သားသမီးများအားလုံး ထပ်တူသာဓု ခေါ်ဆိုနိုင်ပါတယ်ရှင်”လို့ ခိုင်နှင်းဝေက ပြောထားပါတယ်။
သရုပ်ဆောင် ခိုင်နှင်းဝေကတော့ “ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ”ကို ၂၀၁၄ ခုနှစ်ကတည်းက စတင် တည်ထောင်ခဲ့တာဖြစ်ပြီး၊ အကြောင်းအမျိုးမျိုးကြောင့် မိဘ စောင့်ရှောက်မှု မပေးနိုင်တဲ့ ကလေးငယ်များကို ပြုစု စောင့်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။
You may also like these stories:
အဆိုတော် ပိုပို အမြန်ဆုံး ပြန်လွတ်ဖို့ ဆုတောင်းပေးတဲ့ ဟိဏ်းသစ်
ချင်းရိုးရာ ဝတ်စုံနဲ့ ပတ်သက်ပြီး သုံးသပ်ပြခဲ့တဲ့ ဒီဇိုင်နာ အိုင်းဒီး
ညီမဖြစ်သူ သူဇာဝင့်လွင်အတွက် စိတ်ပူနေတဲ့ သရုပ်ဆောင် မေ