စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့ပြီး၊ လက်ရှိ ထိုင်း-မြန်မာ နယ်စပ်ကို Gen Z Burma အဖွဲ့ဝင်များနဲ့အတူ ရောက်ရှိနေတဲ့ Makeup Artist မေဦးက စစ်အာဏာရှင်တွေကို အမြစ်ပြုတ်အောင် တတ်နိုင်တဲ့နေရာကနေ ကူညီ တွန်းလှန်ပေးကြပါလို့ ဆိုပါတယ်။
“နိုးထခဲ့တဲ့ မနက်ခင်းတိုင်းမှာ စစ်သူပုန် တွေကို နာကျည်း မုန်းတီးနေရတဲ့အဖြစ်နဲ့ ဖြတ်သန်းနေရတယ်။ ကိုယ်ချစ်ရတဲ့ မြို့လေးမှာ မနေနိုင်တော့တဲ့ ကိုယ်တောင် ဒီလိုဖြစ်တယ်ဆိုရင် ထာဝရ ဝေးကွာသွားရတဲ့ မိသားစုတွေဆို အချိန်နှင့်အမျှ ခံစားနေကြရမှာ အမှန်ပဲ”
“ဒါ့ကြောင့် ကိုယ်မဖြစ်သေးလို့၊ မကြုံရသေးလို့ သွေးအေးပြီး ပုံမှန်ဘဝလို နေလိုက်ကြတဲ့ လူတစုကို အထူး တောင်းဆိုချင်ပါတယ်။ အမှန်တရားကို မြတ်နိုးလို့ ပေးဆပ်လိုက်ရတဲ့ ဘဝတွေနဲ့ ထပ်တူ မပေးဆပ်နိုင်ရင်တောင် အမှန်တရားဘက်က ရပ်တည်ပြီး အာဏာရူး စစ်သူပုန်တွေ အမြစ်ပြုတ်အောင်တတ်နိုင်တဲ့နေရာက ကူညီ တွန်းလှန်ပေးကြပါ”လို့ မိတ်ကပ် မေဦးက ပြောပါတယ်။
စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများအတွင်း သေဆုံးခဲ့ရတဲ့ ပြည်သူတွေအတွက် အာဏာရှင်ကို အဆုံးထိ တွန်းလှန်ပေးကြပါလို့ မေဦးက ဆိုပါတယ်။
“နှောင်ကြိုးများနဲ့ ရင်နင့်ခဲ့ရတဲ့ ဘဝတွေဟာ သန်းပေါင်းများစွာသော ပြည်သူတွေအတွက် ကြွေလွင့်ခဲ့တယ်ဆိုတာ ဘယ်တော့မှ မမေ့လိုက်ပါနဲ့ဗျာ။ ကြွေလွင့်သွားသော ကြယ်လေးများအတွက် အာဏာရှင်စစ်သူပုန်တွေကို အဆုံးထိ တွန်းလှန်ပေးကြပါခင်ဗျာ”လို့ မေဦးက ပြောထားပါတယ်။
နိုင်ငံကျော် Makeup Artist တဦးဖြစ်တဲ့ မေဦးကတော့ ကိုယ်တိုင် ရွေးချယ်ထားတဲ့ လမ်းကို အဆုံးထိ လျှောက်သွားမှာဖြစ်ပြီး၊ စစ်အာဏာရှင်ကို အမြစ်ပြုတ်သည်အထိ အဆုံးထိ တွန်းလှန်သွားမယ်လို့ ဆိုပါတယ်။
You may also like these stories:
မြန်မာနိုင်ငံအတွက် တောင်ကိုရီးယားမှာ အလှူငွေ ကောက်ခံပေးနေတဲ့ ဟန်နာယူရီ
အနုပညာ လုပ်စားသူများအကြောင်း ပြောပြလာတဲ့ ကောင်းကျော်
ကိုယ်တိုင်တီးတဲ့ မြန်မာ့ဆိုင်းဝိုင်းကို ထုတ်ရောင်းမယ့် ထက်အာကာ