နိုင်ငံရေးကို ခုတုံးလုပ်ပြီး အမြတ်ထုတ်နေကြတဲ့ မသမာသူ တချို့ကို လိမ်ညာပြီး အလှူခံခြင်း မပြုလုပ်ဖို့ သရုပ်ဆောင် မေပန်းချီက သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကနေ အခုလိုပဲ ဆိုပါတယ်။
“တချို့ နိုင်ငံရေးကို ခုတုံးလုပ်ပြီး အမြတ်ထုတ်နေကြတဲ့ မသမာသူတချို့ သိစေရန်၊ တနေ့တနေ့ chat box မှာ အလှူလာခံတာ ဒုနဲ့ဒေးပါ။ မှန်မှန်ကန်ကန်သူလည်း ရှိသလို လိမ်တဲ့သူလည်း အရမ်းပေါပါတယ်။ တချို့ ကျတော့ သူများမိသားစုပုံ ယူသုံးပြီး အလှူခံတယ်”
“တချို့ကျ ချို့တဲ့တဲ့ လမ်းပေါ်က လူတွေပုံကို ယူသုံးပြီး အလှူခံတယ်။ တချို့က အမှန်အကန် အလှူခံပေးသလို တချို့ကျတော့လည်း ကိုယ်သာ လှူလိုက်တယ်။ ပိုက်ဆံက ကိုယ်လှူတဲ့ဆီ မရောက်လိုက်ဘူး။ ကိုယ်လှူလိုက်တဲ့ ပိုက်ဆံနဲ့ သူတို့ အခက်အခဲကို ဖြေရှင်းတယ်”လို့ မေပန်းချီက ဆိုပါတယ်။
အခုလိုချိန်မှာ အားလုံး ခက်ခဲနေတာကို နားလည်တယ်လို့ မေပန်းချီက ဆိုပြီး၊ အဆင်မပြေဖြစ်တာကို ရိုးသားစွာ ပြောဆိုပြီး အကူအညီတောင်းပါလို့ ဆိုပါတယ်။
“အခုအချိန် အားလုံး ခက်ခဲပါတယ်။ နားလည်ပါတယ်။ ကျမဆိုလည်း အလှူငွေ ကောက်ထားပြီး အခြေအနေ အကြောင်းကြောင်းကြောင့် သွားမလှူရသေးပေမယ့် တကျပ်တပြားမှ ကိုယ်ကျိုးအတွက် မသုံးပါဘူး။ သူများ ဖြူဖြူစင်စင် လှူထားတဲ့ ပိုက်ဆံ သုံးမိရင် အင်မတန် ငရဲကြီးပါတယ်။ ဗုဒ္ဓဘာသာတွေ ဒါလေးတွေ သိထားစေချင်တယ်။ လူတိုင်း ခက်ခဲတယ်။ အဆင်မပြေဖြစ်တာ မှန်ပါတယ်။ ရိုးသားစွာ ပြောဆိုပြီး အကူအညီ တောင်းပါ”လို့ မေပန်းချီက ဆိုပါတယ်။
နိုင်ငံရေးကို ခုတုံးလုပ်ပြီး ကိုယ်အဆင်မပြေတာကို ဒီလိုနည်းနဲ့ ဖြေရှင်းတာမျိုး ရှောင်ပါလို့လည်း မေပန်းချီက ဆိုပါတယ်။
“နိုင်ငံရေးကို ခုတုံးလုပ်ပြီး ကိုယ်အဆင်မပြေတာ ဒီနည်းနဲ့ ဖြေရှင်းတာကို ရှောင်ပါ။ တချို့ အလှူရှင်တွေဟာလည်း ရှိလို့ လှူတာ ရှိသလို အဆင်မပြေတဲ့ကြားထဲက ဖဲ့လှူရတာလည်း ရှိပါတယ်။ ကျမတို့လည်း ရှိလို့ လှူတာ မဟုတ်ပါဘူး။ ဘာအလုပ်မှ မရှိတဲ့အပြင် တမိသားစုလုံး တာဝန် ထမ်းနေရတဲ့သူပါ။ တဘဝစံ မဖြစ်ကြပါစေနဲ့”လို့ မေပန်းချီက ပြောထားပါတယ်။
သရုပ်ဆောင် မေပန်းချီကတော့ ပြီးခဲ့တဲ့ မတ်လကတည်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများအတွင်း သေနတ် ထိမှန်ကာ ကွယ်လွန်ခဲ့ရသူများအတွက် ကိုယ်တိုင် သွားရောက် လှူဒါန်းပေးမှုများ ရှိခဲ့ပြီး၊ အခြား လိုအပ်တဲ့ နေရာများကိုလည်း ပေးအပ် လှူဒါန်းပေးလျက် ရှိပါတယ်။
You may also like these stories:
အရင်အတိုင်း အားလုံးကို ပျော်နေစေချင်တဲ့ ကျားပေါက်
သူဇာဝင့်လွင်ကို လိုအပ်တဲ့ အကူအညီများ ပေးမယ့် ဥက္ကာမင်းမောင်
စစ်အာဏာရှင်ကို အဆုံးထိ တွန်းလှန်ပေးကြပါလို့ မေဦး ပြော