အဆိုတော် ပိုပိုဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီး၊ လက်ရှိမှာတော့ စစ်ကောင်စီရဲ့ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရကာ အင်းစိန်ထောင်မှာ ရောက်ရှိနေပါတယ်။ ပိုပိုနဲ့ ညီအစ်မလို ရင်းနှီးတဲ့ အဆိုတော် ချယ်ရီသင်းက ပိုပို့ထံ စားစရာအချို့နဲ့ လိုအပ်တာများ ပို့ဆောင်ခဲ့ပြီး စာတစောင် ရေးသားခဲ့ပါတယ်။
ချယ်ရီသင်းက “သို့ မမ/ လွမ်းနေတယ်နော်။ အထဲမှာ အစစအရာရာ အဆင်ပြေဖို့ ဆုတောင်းပေးနေပါတယ်။ မမနဲ့ ဟင်းအတူတူ ချက်စား၊ အလှူအတူတူ လုပ်ခဲ့ရတဲ့ အချိန်တွေကို သတိရတာပဲ။ မမပြန်လာရင် အရင်ကထက် ၂ ဆ ပိုပြီး ပျော်ပျော်ရွှင်ရွှင် နေကြမယ်။ မမ ဒီအခက်အခဲတွေကို ကျော်ဖြတ်နိုင်မယ်ဆိုတာ ညီမလေး အကြွင်းမဲ့ ယုံကြည်တယ်။ ဘာလို့လဲဆို မမက ပိုပိုဖြစ်နေလို့”လို့ ဆိုပါတယ်။

ဆက်ပြီး “ပိုပိုဆိုတာ တောင်ပေါ်မှာ ပွင့်တဲ့ ပန်းလေးတပွင့်ပါ။ ခက်ခက်ခဲခဲနဲ့ အပွင့်လေး ပွင့်လာဖို့ထိတောင် လောကဓံတွေကို ကျော်ဖြတ်ပြီး အလှပဆုံး ပန်းလေးအဖြစ် ပိုပိုဆိုပြီး ဖြစ်လာခဲ့သေးတာပဲ။ မမ ဘယ်လို အရာမဆို ကျော်ဖြတ်နိုင်ပါတယ်။ မမ ပြုခဲ့တဲ့ ကောင်းမှုကုသိုလ်နဲ့ စိတ်စေတနာတွေက အကျိုးပေးပြီး လောကပါလ နတ်တွေက ကြိမ်းသေ စောင့်ရှောက်မှာပါ”

“မမသိလား။ မမအတွက် တနိုင်ငံလုံး ဂုဏ်ယူကြသလို၊ မမပြန်အလာကို စောင့်နေတဲ့ ပရိသတ်တွေလည်း အများကြီး မမရဲ့။ ဒါကြောင့်မို့ မမ အားတင်းထားနော်။ မမကို ချစ်တယ်၊ လွမ်းတယ်။ ချစ်သော ညီမလေး ချယ်ရီသင်း”လို့ ရေးသားထားပါတယ်။

အဆိုတော် ချယ်ရီသင်းကတော့ ပိုပို့ထံ အဆိုပါ စာနဲ့အတူ စားစရာ အခြောက်အခြမ်းများ၊ အသီးအနှံများ၊ အမျိုးသမီး လစဉ်သုံး ပစ္စည်းအချို့နဲ့ လိုအပ်တဲ့ အရာများကို အင်းစိန်ထောင်သို့ ပို့ဆောင်ပေးခဲ့ပါတယ်။
ဆက်လက်ပြီး ချယ်ရီသင်းက “သူမ (ပိုပို) က စိတ်ဓာတ်ရော၊ နှလုံးသားရော သန်မာတဲ့ အမျိုးသမီးပါ။ အားလုံးကို တရားဓမ္မနဲ့ စိတ်နှလုံးသွင်းပြီး ကျော်ဖြတ်နိုင်မှာပါ”လို့ ပရိသတ်တွေ စိတ်မပူရအောင် ပြောပြထားပါတယ်။