စစ်ကောင်စီမှ ပြုလုပ်ခဲ့တဲ့ အခမ်းအနားကို မြို့မ တူရိယာအသင်း ဖျော်ဖြေခဲ့တဲ့အပေါ် ပြည်သူလူထုကြားမှာ ဝေဖန်မှုများစွာ ရှိခဲ့ပြီး၊ အဆိုပါ အသင်းရဲ့ ပင်တိုင် တေးသံရှင်တဦးဖြစ်တဲ့ အောင်ကျော်ဟိန်းဟာ မေလ ၁၉ ရက်နေ့က နုတ်ထွက်ခဲ့ကြောင်း သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကနေ အသိပေးခဲ့ပါတယ်။
“လတ်တလော ကြုံတွေ့နေရတဲ့ မြို့မရဲ့ အခြေအနေတွေကြောင့် စိတ်တွေ အရမ်းထိခိုက်ရတယ်။ ဝမ်းနည်းရတယ်။ မြို့မကို ချစ်တယ်။ ငွေငန်းကိုလည်း ချစ်တယ်။ တခုသိစေချင်တာက ငွေငန်းကြီးက သက်မဲ့ဖြစ်တယ်။ ရပ်တည်မှု မတူညီတော့တဲ့အခါမှာ ခွဲခွာဖို့ဆိုတာ ဖြစ်လာတယ်”
“မြို့မအပျော်တမ်း တူရိယာ အသင်းကြီးကို လက်ရှိ ဦးဆောင်နေသော အသင်းလူကြီးများအောက်တွင် ဆက်လက် သီဆိုခြင်း မရှိတော့ပါသောကြောင့် ကျွန်ုပ် တေးသံရှင် အောင်ကျော်ဟိန်းသည် ယနေ့မှစ၍ မြို့မ အပျော်တမ်း တူရိယာ အသင်းကြီး၏ တေးသံရှင် တဦးအဖြစ်မှ နုတ်ထွက်ပါသည်”လို့ တေးသံရှင် အောင်ကျော်ဟိန်းက အသိပေးထားပါတယ်။
မြို့မ တူရိယာအသင်းရဲ့ ပင်တိုင် တေးသံရှင် အောင်ကျော်ဟိန်းဟာ အသက် ၉ နှစ်သား အရွယ်ကတည်းက ငွေငန်းမြို့မ အသင်းကြီးကို စသိခဲ့တာ ဖြစ်ပြီး သူ့ရဲ့ ငယ်ဘဝ အမှတ်တရတွေ အကြောင်းကိုလည်း အခုလိုပဲ ဆိုပါတယ်။
“အသက် ၉ နှစ်သား၊ ၂၀၀၂ ခုနှစ်မှာ ငွေငန်းကို စသိခွင့်ရခဲ့တယ်။ အဖေ့ရဲ့ စက်ဘီးနောက်က ထိုင်လိုက်ပြီး ငွေငန်းကြီး သွားရာကို လိုက်ကြည့်ခဲ့ဖူးတယ်။ စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်းနဲ့ ငွေငန်း၊ မြို့မ အသင်းကြီးနဲ့ ကိုယ်နဲ့ ရင်းနှီးနေတယ်လို့ ခံစားရတယ်။ နောက်နှစ်တိုင်း နှစ်တိုင်း သင်္ကြန်ကာလ ရောက်ပြီဆို ငွေငန်းကားကြီးနောက်ကို လိုက်ကြည့်နေမိရောပါပဲ။ ဒါကတော့ ငယ်ဘဝ အမှတ်တရပေ့ါ”
“မှတ်မှတ်ရရ ၂၀၁၄ ခုနှစ်မှာ ရုံးက သူငယ်ချင်း တယောက်နဲ့ စကားဆက်စပ်မိရင်း သူ့ရဲ့ မိခင်က မြို့မက နာယက တယောက်နဲ့ ရင်းနှီးတယ်၊ ဆိုချင်လား။ အသံစစ်ပြီး ပြောကြည့်ပေးမယ်ဆိုလို့ ဝမ်းသာအားရ ချိတ်ကြည့်ဖူးခဲ့သေးတယ်။ အဲ့အချိန် အသင်းတိုက် ရောက်သွားတေ့ာ အတွင်းရေးမှူး တယောက်က လေမှုတ်တူရိယာ တမျိုး စသင်ပေးရော။ မကြာလိုက်ပါဘူး၊ မလာနဲ့တော့ဆိုပြီး ဝေးသွားရပြန်ရော”လို့ သူက ဆိုပါတယ်။
ဆက်လက်ပြီး “တခါ ၂၀၁၆ ခုနှစ်၊ မြို့မမှာ တေးသံရှင် အသစ်တွေခေါ်ဖို့ ပြိုင်ပွဲရှိလာရော။ သတင်းရရချင်းပဲ ဖောင်ဝယ်ပြီး တခါတည်း တင်လိုက်တယ်။ အကဲဖြတ်တဲ့အထဲမှာ မြို့မငြိမ်းရဲ့ သားဖြစ်တဲ့ ဦးရွှန်းမြိုင်လည်း ပါခဲ့တယ်။ ပြိုင်ရတာကတော့ မြန်မာသံ၊ ဗိုလ်သံ၊ သင်္ကြန်အစုံ။ အယောက်ပေါင်းများစွာထဲကနေ တဆင့်ချင်း ပါပါသွားရော၊ နောက်ဆုံး နှစ်ယောက်ပဲ ရွေးတဲ့အထဲ ပါဝင်ပြီး မြို့မရဲ့ တေးသံရှင် တဦးဖြစ်လာခဲ့တယ်”လို့ အောင်ကျော်ဟိန်းက ဆိုပါတယ်။
မြန်မာသံ တေးသံရှင် တဦးအနေနဲ့ မြို့မမှာ သီဆိုရင်း “မြို့မ တေးသံရှင်”ဆိုတဲ့ ခံစားချက်က ဘာနဲ့မှ လဲလို့ မရဘူး၊ ဂုဏ်ယူတယ်လို့ သူက ဆိုပါတယ်။
“မြန်မာသံ တေးသံရှင် တဦးအနေနဲ့ မြို့မမှာ သီဆိုရင်း မြန်မာသံတွေကို ပိုတန်ဖိုးထား ထားတတ်လာတယ်။ အပေါ်က စာတွေက ကျနော့် စိတ်ဆန္ဒ ဘယ်လောက် ပြင်းပြခဲ့သလဲဆိုတာကို သိစေချင်လို့ပါ။ သက်တမ်းကြာရှည် ဂီတအနှစ်သာရ ပြည့်ဝတဲ့ မြို့မမှာ ဆိုရတဲ့ မြို့မတေးသံရှင် ဆိုတဲ့ ခံစားချက်က ဘာနဲ့မှ လဲလို့ မရဘူး။ ဂုဏ်ယူတယ်”
“သင်္ကြန်ပွဲ၊ မင်္ဂလာပွဲ၊ အလှူပွဲ၊ ဘုရားပွဲတွေ၊ ကထိန်ပွဲ၊ နိုင်ငံ့ဂုဏ်ဆောင်ပွဲတွေ အများကြီး ဆိုခဲ့ရတယ်။ မြို့မ တေးသံရှင်ဆိုတဲ့ အရာလေးကို တန်ဖိုးထား မြတ်နိုးလွန်းလို့ တခြားသော တီးဝိုင်းတွေ၊ ပွဲတွေ၊ ပြိုင်ပွဲတွေမှာတောင် ဝင်ရောက် မပြိုင်တော့ဘူး၊ မဆိုတော့ဘူး။ တချို့ ကိုယ့်ကို လာကမ်းလှမ်းတဲ့ အရာတွေတောင် စိတ်မဝင်စားခဲ့ဘူး။ မပတ်သက်ခဲ့ဘူး”လို့ တေးသံရှင် အောင်ကျော်ဟိန်းက ပြောထားပါတယ်။
“ဒီပွဲကို လိုက်မဆို၊ မတီးတဲ့ အသင်းသူ၊ အသင်းသားတွေကိုလည်း အရေးယူမှု တစုံတရာ ရှိမှာ မဟုတ်ပါဘူး။ ပြဿနာ ရှာတာမျိုး မရှိပါဘူး။ ဖိအားပေး နုတ်ထွက်ခိုင်းတာလည်း မရှိပါဘူး”လို့ မြို့မအသင်းက ဆိုပါတယ်။
မြို့မ အပျော်တမ်း တူရိယာအသင်းကို ဆရာကြီး မြို့မငြိမ်း ဦးဆောင် တည်ထောင်ခဲ့ပြီး ပန်းချီဆရာကြီး ဦးဘသစ်၊ ဓားတန်း ဦးသန်း၊ တောင်မြို့ ဦးကိုလေး၊ ဦးယဉ်လေး အစရှိတဲ့ လူပုဂ္ဂိုလ် ၁၂ ဦးဖြင့် ၁၉၂၅ ခုနှစ်တွင် စတင်ဖွဲ့စည်းကာ မြို့မတူရိယာအဖွဲ့လို့ လူသိများခဲ့ခြင်း ဖြစ်ပါတယ်။
မြို့မအသင်းကြီးဟာ မန္တလေးမြို့ရဲ့ အထင်ကရ အထိမ်းအမှတ်တခု ဖြစ်သလို နှစ်ကာလ သက်တမ်းအရှည်ကြာဆုံး အသင်းကြီး တခုလည်း ဖြစ်ပါတယ်။
You may also like these story:
ပြည်သူ့ ဝေဖန်မှု ပြန်လည် မတုံ့ပြန်ဘဲ မြို့မအသင်း ရှေ့ဆက်သွားမည်ဟု ဆို