စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် တော်လှန်ရေးနယ်မြေကို ရောက်ရှိနေတဲ့ အလှမယ် ထားထက်ထက်က သူရောက်ရှိနေတဲ့ စခန်းသို့ တော်လှန်ရေးအတွက် ပါဝင်ဖို့ လာကြသူတွေနဲ့ စခန်းသို့ လိုအပ်တာများ လှူဒါန်းပေးကြသူတွေကို လေးစား ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။
“ဒီစခန်းမှာ ကျမ ရှိတယ်ဆိုပြီး ပြောလို့ တော်လှန်ရေးထဲ ပါဝင်ဖို့လာတဲ့သူတွေကို လေးစားကြိုဆိုပါတယ်။ နောက်ပြီး ဒီစခန်းမှာ ကျမ ရှိနေတယ်ဆိုလို့ လှူဒါန်းပေးကြတဲ့ အလှူရှင်များ အားလုံးကိုလည်း တကယ်လေးစား ကျေးဇူးတင်ပါတယ်”
“အဆုံးသတ် တိုက်ပွဲအတွက် ပြင်ဆင် လေ့ကျင့်နေကြသူတွေကို ကျမ အလွန်လေးစား ကျေးဇူးတင်သလို အောင်ပွဲရတဲ့အထိ တော်လှန်ရေးထဲ ပါဝင်ပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။ စေတနာနဲ့ ပေးလှူတဲ့ အလှူရှင်တွေကိုလည်း အရင်အတိုင်း ဆက်လက် ထောက်ပံ့ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်”လို့ အလှမယ် ထားထက်ထက်က ပြောပါတယ်။
စခန်းတိုင်းက အရာရာ လိုအပ်နေတဲ့အတွက် အလှူရှင်၊ စေတနာရှင်တို့ရဲ့ အလှူက လေ့ကျင်နေသူတွေအတွက် များစွာ စိတ်ခွန်အား ရရှိစေတယ်လို့ ဆိုပါတယ်။

“ဘာလို့လဲဆိုတော့ စစ်သင်ခန်းစာ လေ့ကျင့်နေတဲ့ စခန်းတိုင်းက အရာရာ လိုအပ်နေကြလို့ပဲ ဖြစ်ပါတယ်။ အလှူရှင်၊ စေတနာရှင်တို့ရဲ့ အလှူတွေက လေ့ကျင့် ကြိုးစားနေသူတွေအတွက် တကယ် လိုအပ်တဲ့ အာဟာရနဲ့ စိတ်ခွန်အားကို ရရှိစေတဲ့အတွက် အကျိုးရှိစေလို့ပဲ ဖြစ်ပါတယ်။ ထားထက်ကို စခန်းတိုင်းမှာ ရှိနေတယ်လို့ သဘောထားစေချင်ပါတယ်”လို့ ထားထက်ထက်က ပြောပါတယ်။
ဆက်လက်ပြီး ထားထက်ထက်က တော်လှန်ရေးကို အကြောင်းပြကာ လူသစ် စုဆောင်းခြင်း၊ အမြတ်ထုတ်မှုနဲ့ အလှူငွေတို့အပေါ် အသုံးချခြင်းတို့ သေချာ စိစစ်ပြီးမှ တော်လှန်ကြပါလို့ ဆိုပါတယ်။

“တော်လှန်ရေးကို အကြောင်းပြပြီး လူသစ် စုဆောင်းခြင်းမှ အမြတ်ထုတ်မှုနဲ့ အလှူငွေ၊ အလှူပစ္စည်းအပေါ် အခြားသော ပုဂ္ဂိုလ်ရေး အသုံးချမှုများ ရှိခဲ့လျှင်တော့ သေချာ စိစစ်ပြီး တော်လှန်ရေး သန့်စင်မှု လုပ်ဖို့ အကြံပြုပါရစေ”လို့ ထားထက်ထက်က ပြောထားပါတယ်။
အလှမယ် ထားထက်ထက်ကတော့ ဒီအကြောင်းအရာတွေကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ပြောပြထားတာဖြစ်ပြီး၊ ထားထက်ထက်ဟာ စစ်ကောင်စီရဲ့ ဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရတဲ့ အနုပညာရှင်တဦးလည်း ဖြစ်ပါတယ်။
You may also like these stories:
စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်မယ့် ထားထက်ထက်
စစ်အာဏာရှင်ကို ဆန့်ကျင်မှု မှန်သမျှ မိမိမှာသာ တာဝန်ရှိကြောင်း ထားထက်ထက် ပြော