လက်ရှိ အမေရိကန်နိုင်ငံမှာ နေထိုင်နေတဲ့ အဆိုတော် ဆောင်းဦးလှိုင်က စစ်ဘေးရှောင် ပြည်သူများအတွက် အရေးပေါ် လိုအပ်နေတဲ့ အကူအညီတွေ ပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
“ဒီရက်ပိုင်း စစ်ဘေးရှောင်/မိစ္ဆာဘေးရှောင် စခန်းတွေမှာ ရောက်ရှိနေကြတဲ့ ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်ဖို့ရာ အရေးပေါ် လိုအပ်နေတဲ့ အကူအညီတွေ ပေးနိုင်ဖို့ ကြိုးစားနေတယ်။ ကျနော် ကိုယ်တိုင်လည်း လှူဒါန်းပြီးပြီ။ အချိန်ကျတာနဲ့ အသေးစိတ် ထုတ်ပြန် ပြောပြသွားမယ်”လို့ ဆောင်းဦးလှိုင်က ပြောပါတယ်။
ဆက်လက်ပြီး ဆောင်းဦးလှိုင်က ပြည်သူ့ကာကွယ်ရေး သင်တန်းတက်နေတဲ့ လူငယ်တွေအတွက် သူ့ရဲ့ ချွေးနည်းစားထဲကနေ မတည်ကာ အလှူငွေ ထည့်ဝင် ပံ့ပိုးနှိုးဆော်သွားမယ်လို့ ဆိုပါတယ်။
“ပြည်သူ့ကာကွယ်ရေး သင်တန်းတက်နေတဲ့ လူငယ်တွေ စားရေးနေရေး ခက်ခဲနေတာကို ကူညီဖြေရှင်းဖို့ မနက်ဖြန် စတင် အကောင်အထည်ဖော်မယ်။ ကျနော့် ချွေးနည်းစာထဲက ခပ်ပါးပါး လက်ကျန်ကို မတည် ထည့်ဝင်ပြီး ပံ့ပိုး နှိုးဆော်သွားမယ်။ သိပ်မကြာဘူး။ ပွင့်လင်းမြင်သာမှု အပြည့်နဲ့ တင်ပြသွားပါ့မယ်”လို့ ဆောင်းဦးလှိုင်က ပြောပါတယ်။
ဆောင်းဦးလှိုင်က “ကျရာတာဝန် ထမ်းရင်း ပြည်သူ့အရေးတော်ပုံအတွက် အုတ်တချပ်၊ သဲတပွင့် အမြဲ ဖြစ်စေရပါမယ်”လို့လည်း ပြောထားပါတယ်။
အဆိုတော် ဆောင်းဦးလှိုင်ကတော့ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ အနုပညာရှင်တဦး ဖြစ်ပြီး၊ မြန်မာပြည်ရဲ့ နွေဦးတော်လှန်ရေးအတွက် ကျရာနေရာကနေ တာဝန်ထမ်းရင်း ပါဝင်သွားမယ်လို့ ဆိုပါတယ်။
You may also like these stories:
“တိုင်းပြည် ဒုက္ခပင်လယ် ဝေတာ အရင်ကတည်းက”လို့ ဆောင်းဦးလှိုင် ပြော
လူငယ်တွေကို လျှို့ဝှက်သတင်းတွေ မတင်ကြပါနဲ့လို့ ဆောင်းဦးလှိုင် ပြော
နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရှာ ဖျော်ဖြေပေးမယ့် ဆောင်းဦးလှိုင်