ထိုင်း-မြန်မာ နယ်စပ်ကို Gen Z Burma အဖွဲ့ဝင်များနဲ့အတူ ရောက်ရှိနေတဲ့ Makeup Artist မေဦးက မိတ်ကပ် မေဦးမောင်နဲ့ ပတ်သက်ပြီး ပရိသတ်တွေ အထင်အမြင် လွဲမှားနေကြတဲ့အတွက် သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကနေ အခုလိုပဲ ထုတ်ပြောလာပါတယ်။
“မေဦးမောင်ဆိုတာ နိုင်ငံရေး တည်ငြိမ်သလို အခြေအနေကတည်းက အမှန်တရားဘက်က အမြဲရပ်တည်ခဲ့သူပါ။ နိုင်ငံကြီးတခုလုံး ဒုက္ခတွင်းထဲ ကျရောက်သွားတဲ့ အချိန်အခါမှာလည်း နိုင်ငံသားတယောက်ရဲ့တာဝန် ကျေပွန်ကာ လမ်းမတွေပေါ်မှာ တရက်မှမနား ဆန္ဒထုတ်ဖော်ခဲ့တဲ့အပြင် ပြည်သူတွေ အားလုံးနဲ့ တသားတည်း ရှိခဲ့တာ မေဦး သက်သေပါ”လို့ မေဦးက ပြောပါတယ်။
မေဦးမောင်ဟာ မသမာသူ လူတစုကြောင့် ထောင်ထဲ ရောက်သွားခဲ့တဲ့အပြင် ပြည်သူတွေ အားလုံးရဲ့ အထင်လွဲမှားမှုကို ခံခဲ့ရတာကြောင့် မခံမရပ်နိုင် ဖြစ်မိတယ်လို့ မေဦးက ဆိုပါတယ်။
“အခုတော့ မသမာ လူတစုကြောင့် ထောင်ထဲ ရောက်သွားခဲ့ရတဲ့အပြင် ပြည်သူတွေ အားလုံးရဲ့ အထင်လွဲမှားပြီး အထင်သေးခြင်းကို ပါခံခဲ့ရတယ်။ အမေ့အတွက် အရမ်းဝမ်းနည်းရသလို မခံမရပ်နိုင်ဖြစ်မိတယ် အမေ”
“အားလုံးရဲ့အထင်လွဲမှားမှုကိုလည်း နောင်တချိန်မှာ အမေ့ အရှေ့ကနေပြီး မားမားမတ်မတ် ရပ်တည်ကာ ဖြေရှင်းပေးဖို့ အဆင်သင့် ရှိနေတယ်။ အမေ နေကောင်း ကျန်းမာရှိပါစေလို့ ဆုတောင်းပေးပါတယ်”လို့ မေဦးက ပြောထားပါတယ်။
မိတ်ကပ် မေဦးမောင်ဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့တဲ့ LGBT, Makeup Artist တဦး ဖြစ်ပြီး၊ ပြီးခဲ့တဲ့ သင်္ကြန်ရက်အတွင်းက စစ်ကောင်စီမှ ပြုလုပ်တဲ့ သင်္ကြန်ပွဲကို သွားရောက်ခဲ့တာကြောင့် ပြည်သူလူထုကြား ဝေဖန်မှုများစွာ ခံခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ မေဦးမောင်ဟာ အင်းစိန်ထောင်မှာ ရောက်ရှိနေပြီး၊ မိတ်ကပ် မေဦးက သူ့ဘက်က မားမားမတ်မတ် ရပ်တည်ကာ ပရိသတ်တွေရဲ့ အထင်အမြင် လွဲမှားမှုကို ပြန်လည် ရှင်းပြခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံကျော် Makeup Artist မေဦးကတော့ ကိုယ်တိုင် ရွေးချယ်ထားတဲ့ လမ်းကို အဆုံးထိ လျှောက်သွားမှာဖြစ်ပြီး၊ စစ်အာဏာရှင်ကို အမြစ်ပြုတ်သည်အထိ အဆုံးထိ တွန်းလှန်သွားမယ်လို့ ဆိုပါတယ်။
You may also like these stories:
စစ်အာဏာရှင်ကို အဆုံးထိ တွန်းလှန်ပေးကြပါလို့ မေဦး ပြော
ဘဏ်တွေမှာ ငွေထုတ်ရ ခက်ခဲတဲ့အပေါ် ထုတ်ပြောလာတဲ့ မေဦး