လက်ရှိ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ Makeup Artist နဲ့ Freelance Model ဟန်နာယူရီက မြန်မာနိုင်ငံအကြောင်းကို တောင်ကိုရီးယား သတင်းမီဒီယာတွေမှာ ဖြေကြားပေးရင်း ချင်းပြည်နယ်၊ မင်းတပ်မြို့အတွက် အလှူခံပေးနေတယ်လို့ သိရပါတယ်။
“မြန်မာက ပုံမှန်ပြန်လည်ပတ်နေတာ မဟုတ်ကြောင်း၊ အခြေအနေ ကောင်းနေတာ မဟုတ်ကြောင်း၊အကောင်းကြီး ရှိနေတဲ့လူကို ဖမ်းခေါ်ပြီး နောက်နေ့ အသက်မရှိတော့တဲ့ ခန္ဓာကိုယ်ကို ပြန်ပေးကြောင်း၊ ထိခိုက် ဒဏ်ရာတွေ၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက တီးခဲ့တဲ့ ည ၈ နာရီ သံပုံးတီးချိန် စစ်သားတွေက လူနေအိမ်ကိုပစ်၊ လူတွေကို ဝင်ဖမ်းကြောင်း ပြောခဲ့ပါတယ်”
“မထွက်သေးတဲ့ Part-2 ဗီဒီယိုမှာက မင်းတပ်အကြောင်း ပြောခဲ့ပါတယ်ရှင်။ မြန်မာလို ပြောပါရစေဆိုတာ သူတို့က English လိုပဲ ပြောခိုင်းလို့ပါ။ ကျမလည်း ကိုယ့် English မကောင်းဘဲ ယုံကြည်မှုရှိရှိ ပြောခဲ့တာ မဟုတ်ပါဘူး။ ဒီအတိုင်း ကျမတို့တွေအတွက် အကူအညီ တောင်းချင်တာအတွက်ပဲ အရဲစွန့်လုပ်ခဲ့တာပါရှင်”လို့ ဟန်နာယူရီက ပြောပါတယ်။
အဆိုပါ အင်တာဗျူးနဲ့ ပတ်သက်ပြီး အင်တာဗျူးဖြေခ အနေနဲ့ ရရှိခဲ့တဲ့ အလှူငွေကို မင်းတပ်မြို့အတွက် လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

“ကျမရဲ့ ဒီဗီဒီယို အောက်မှာ ကိုရီးယားလူမျိုးတွေအနေနဲ့ မြန်မာအတွက် အလှူလှူဖို့ Organization link တွေ ထည့်ထားပါတယ်။ ပြီးတော့ ကိုရီးယားရောက်ပြီး ပထမဆုံးရတဲ့ အခု ဗီဒီယိုမှာ အင်တာဗျူး ဖြေခ အလှူငွေ ဝမ် ၁ သိန်းကိုလည်း မင်းတပ်ကို လှူခဲ့ပါတယ်”လို့ ဟန်နာယူရီက ဆိုပါတယ်။
၂၀၂၁ မှာမှ မြန်မာ စစ်တပ်ရဲ့ မတရားဖိနှိပ်မှုတွေကို ကမ္ဘာအနှံ့က သိလာတာဖြစ်ပြီး ဒါတွေက အရင်ကတည်းက တိုင်းရင်းသားမျိုးစုံ ကြုံခဲ့ရတာပါလို့ ဟန်နာယူရီက ပြောပါတယ်။

“အခု ၂၀၂၁ မှာမှ မြို့ပေါ်ထိ စစ်တပ်ရဲ့ မတရားဖိနှိပ်မှုတွေ၊ မြန်မာပြည်သူ ပြည်သားတွေ ကြုံနေရတဲ့ဒုက္ခတွေ၊ ရက်စက်မှုတွေကို ကမ္ဘာအနှံ့က သိလာတာပါ။ ဒါတွေက အရင်ကတည်းက မြန်မာပြည်မှာ ကချင်၊ ချင်း၊ ကရင်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားမျိုးစုံ ကြုံခဲ့ရတာပါ”
“တကယ်တော့ ကျမတို့ တိုင်းရင်းသား မောင်နှမတွေအတွက်က အဘိုးအဘွားတွေ လက်ထက် ဟိုးအရင် နှစ် ၇၀ ကျော်လောက်ကတည်းက ဒီပြည်မကြီးမှာ အခုကြုံနေတဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ၊ ရက်စက်မှုတွေ၊ မတရား သတ်ဖြတ်မှုတွေကို ကူရာမဲ့ ခါးစည်းခံခဲ့ရတာပါ”လို့ ဟန်နာယူရီက ပြောထားပါတယ်။
မော်ဒယ် ဟန်နာယူရီကတော့ Makeup Artist နဲ့ Freelance Model တဦးဖြစ်ပြီး၊ တောင်ကိုရီးယားနိုင်ငံမှာ မီဒီယာများကနေတဆင့် မြန်မာနိုင်ငံက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို Speak Out လုပ်ပေးနေတဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။
You may also like these stories:
မြန်မာနိုင်ငံအတွက် တောင်ကိုရီးယားမှာ အလှူငွေ ကောက်ခံပေးနေတဲ့ ဟန်နာယူရီ
မြန်မာပြည်အကြောင်း တောင်ကိုရီးယားမှာ အင်တာဗျူး ဖြေခဲ့တဲ့ ဟန်နာယူရီ