ရန်ကုန်မြို့မှာ ဆံပင်ညှပ်ဆရာ၊ Hairstylist တဦးအဖြစ် လုပ်ကိုင်ခဲ့သူ အသက် ၂၆ နှစ်အရွယ်၊ ကချင်တိုင်းရင်းသား ကိုအယ်လ်ဖီ (Alfie) ဟာ စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်ဖို့ တိုင်းရင်းသား ဒေသတခုကို ရောက်ရှိနေပြီး စစ်ပညာ သင်ကြားနေတယ်လို့ သိရပါတယ်။
ကိုအယ်လ်ဖီဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလ အစတည်းက စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့တဲ့ လူငယ်တဦး ဖြစ်ပါတယ်။
“မြို့ပေါ်မှာ ဆန့်ကျင် တော်လှန်တာနဲ့ တောတောင်ကနေ တော်လှန်တာ အတူတူပါပဲ။ လက်နက်ကိုင်တာနဲ့ မကိုင်တာပဲ ကွာတာပါ။ အားလုံးဟာ အသက်နဲ့ ရင်းပြီး တိုက်ခိုက်နေတာ။ People Defend Force ကနေ ကြိုဆိုပါတယ်”လို့ ကိုအယ်လ်ဖီက ဆိုပါတယ်။
ကိုအယ်လ်ဖီရဲ့ ရည်ရွယ်ချက်ကတော့ စစ်ပညာကို သင်ကြားရင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နဲ့ ပူးပေါင်းကာ စစ်အာဏာရှင်ကို တော်လှန် တိုက်ခိုက်ဖို့ပဲ ဖြစ်ပါတယ်။
လူငယ်တဦးဖြစ်တဲ့အတွက် ဒီလိုအချိန်မှာ ဝါသနာပါတဲ့ အလုပ်လုပ်ရင်း ဘဝကို လွတ်လပ်စွာ ဖြတ်သန်းချင်ပေမယ့် အာဏာရှင်ကို တွန်းလှန်လိုတဲ့ စိတ်ကြောင့် အခုလို ပါဝင်နေတာ ဖြစ်ပါတယ်။
“အိမ်ပြန်ချင်တာပေါ့။ အရင်လို ကိုယ်ဝါသနာပါတဲ့ အလုပ်လုပ်ပြီး Bar သွား၊ ကလပ်သွား၊ ခရီးတွေ သွားပြီး လွတ်လွတ်လပ်လပ် ဘဝကို ဖြတ်သန်းချင်တာပဲ။ ဒီတိုက်ပွဲ ဘယ်လောက်ထိ ကြာဦးမလဲ။ ငါတို့တွေ နိုင်ကို နိုင်ရမယ်”လို့ ကိုအယ်လ်ဖီက ပြောထားပါတယ်။
ဆက်လက်ပြီး ကိုအယ်လ်ဖီက တိုင်းပြည်နဲ့ လူမျိုးကို ပိုချစ်မိလို့ အမှန်တရားဘက်မှာ ပါဝင်ရပ်တည်တာပါလို့ ဆိုပါတယ်။
“ပုံတင်လို့ အိမ်ပြန်လို့ မရတော့ဘူး၊ မလုံခြုံတော့ဘူး ဆိုတဲ့အတွေးတွေ ဖျောက်လိုက်ကြပါ။ ပြန်လာလို့ရတဲ့ အခွင့်အရေးအတွက် လုပ်တာပါ။ အရင်တုန်းက တိုက်ပွဲနဲ့ မတူတော့ဘူး။ ပြည်သူအားလုံး ပါဝင်တဲ့ တိုက်ပွဲမို့ ၂ နှစ်ထက် မကြာပါဘူး”
“ကိုယ်ချစ်တဲ့ ချစ်သူ၊ သူငယ်ချင်း၊ မိသားစု၊ အပေါင်းအသင်း၊ ဝါသနာတွေ အားလုံးထက် ကိုယ့်တိုင်းပြည်နဲ့ လူမျိုးကို ပိုချစ်မိလို့ အမှန်တရားဘက်မှာ ပါဝင်ရပ်တည်တာပဲ။ ဘာများမှားလို့လဲ။ People Defend Force (PDF) ဆိုတာ ငါတို့ Generation Z တွေပဲလေ”လို့ ကိုအယ်လ်ဖီက ဆိုပါတယ်။
ကိုအယ်လ်ဖီ အပါအဝင် စစ်အာဏာရှင်ကို တွန်းလှန်ဖို့ တော်လှန်ရေး နယ်မြေကို ရောက်ရှိနေကြတဲ့ Generation Z လူငယ် အများအပြား ရှိနေပါတယ်။
ဒါ့အပြင် အလှမယ် ထားထက်ထက်၊ Makeup Artist မေဦး၊ ဟန်လင်းနဲ့ Miss Golden Land Myanmar ရဲ့ CEO & Founder ကိုဝေယံအောင်၊ ကိုဟန်ဇော်လတ်၊ “ဟားငါးကောင်” အဖွဲ့မှ လူရွှင်တော် တိုင်းကျော်နဲ့ ပိုးလေးတို့ကလည်း တော်လှန်ရေး နယ်မြေ အသီးသီးကို ရောက်ရှိနေကြပါတယ်။
You may also like these stories:
“ပြေးတဲ့သူက တိုင်းပြည်အတွက် လိပ်ပြာလုံတယ်”လို့ တိုင်းကျော် ပြော
အင်တာဗျူးဖြေရင်း မင်းတပ်အတွက် ဝမ် ၁ သိန်း လှူဒါန်းခဲ့တဲ့ ဟန်နာယူရီ
ခိုလှုံခွင့် တောင်းတယ်ဆိုတဲ့ သတင်း မဟုတ်မှန်ကြောင်း သူဇာဝင့်လွင် ဖြေရှင်း