လက်ရှိ အမေရိကန်နိုင်ငံမှာ နေထိုင်နေတဲ့ အဆိုတော် ဆောင်းဦးလှိုင်က မြန်မာပြည်မှာ နေခဲ့စဉ်က အကောင်းဆုံးဆုတွေ၊ ဘဝအနေအထားတွေနဲ့ ဖြတ်သန်းခဲ့ရပေမယ့် ပြည်သူတွေ ဆင်းရဲသထက် ဆင်းရဲခဲ့တာ သိခဲ့တယ်လို့ ဆိုပါတယ်။
“ကျနော်တို့တောင် စိတ်အနာကြီးနာ၊ ရန်ကုန်မြို့ရဲ့အကောင်းဆုံး ကျောင်းကိုတက်၊ အကောင်းဆုံးတက္ကသိုလ်မှာ ပညာဆည်းပူးခဲ့ရတယ်။ အသက် ၁၈ နှစ်မှာ သီချင်းရေးခ ရတဲ့ တေးရေးတယောက် ဖြစ်လာခဲ့ပြီး အသက် ၂၀ ကျော်တော့ အဆိုတော်တယောက် ဖြစ်လာတယ်။ အသက် ၂၇ မှာ ဆရာဝန်ဘွဲ့ ရခဲ့တယ်”
“ပြောရရင် မြန်မာပြည်မှာ အကောင်းဆုံးဆုတွေ ဘဝအနေအထားတွေနဲ့ ဖြတ်သန်းခဲ့တာပါ။ ပေါ့ပေါ့နေ ပေါ့ပေါ့စား မဟုတ်တာရယ်၊ မူးယစ်ဆေး မသုံးဘဲ အားကစားနဲ့ အချိန်ကုန်ရင်း ပြည်သူတွေ၊ ပရိသတ်တွေ ဆင်းရဲသထက် ဆင်းရဲလာနေတာ သိခဲ့ပါတယ်။ အဓိက တရားခံက စစ်အာဏာရှင် မိစ္ဆာတွေပဲ”လို့ ဆောင်းဦးလှိုင်က ပြောပါတယ်။
ကိုယ်တိုင်က အေးဆေးနေလို့ ရပေမယ့် ဇိမ်ခံမနေရက်တာကြောင့် လူမှုရေး၊ နိုင်ငံရေးလောကထဲ ရောက်ခဲ့တယ်လို့ ဆောင်းဦးလှိုင်က ဆိုပါတယ်။
“ကျနော် ဇိမ်ခံမနေရက်ဘူး၊ နှပ်မနေရက်ဘူး။ လူမှုရေး၊ နိုင်ငံရေးလောကထဲ ရောက်ခဲ့တယ်။ နိုင်သလောက် ကူညီနေခဲ့တယ်။ ဒီအချိန် စဉ်းစားမိတယ်။ အေးဆေး နှပ်နေလို့ရတဲ့ ကျနော်တောင် ဒီလောက် မခံမရပ်နိုင်ဖြစ်တာ။ မိစ္ဆာတွေကြောင့် ထိခိုက် ဆင်းရဲခဲ့ရတဲ့ ပြည်သူတွေ ဘယ်လောက် နာကျည်းနေလဲ”
“ဒင်းတို့ မသိကြဘူး။ လက်နက်အားကိုးနဲ့ မိုက်တွင်း နက်နေတုန်းပဲ။ ပြည်သူ့အမုန်းဟာ အနုမြူဗုံးထက် ကြောက်စရာကောင်းတယ်ဆိုတာ သူတို့ မကြာခင် သဘောပေါက်ပါလိမ့်မယ်”လို့ ဆောင်းဦးလှိုင်က ပြောထားပါတယ်။
အဆိုတော် ဆောင်းဦးလှိုင်က ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း “မျိုးဆက်သစ် နိုင်ငံတော်” ဆိုတဲ့ သီချင်းတပုဒ် ဖန်တီး သီဆိုခဲ့ပြီး၊ အဲဒီ သီချင်းကတော့ အားလုံး အားတက်အောင် ရေးသား သီဆိုထားတဲ့ သီချင်းသစ် ဖြစ်တယ်လို့ သိရပါတယ်။
You may also like these stories:
ချွေးနည်းစာနဲ့ ပြည်သူ့ကာကွယ်ရေးအတွက် ပါဝင်လှူမယ့် ဆောင်းဦးလှိုင်
“တိုင်းပြည် ဒုက္ခပင်လယ် ဝေတာ အရင်ကတည်းက”လို့ ဆောင်းဦးလှိုင် ပြော