Entertainment

လူရွှင်တော် ငြိမ်းချမ်းကို တပ်ကြပ်ကြီးလို့ ပြောနေကြတဲ့အပေါ် ပြန်ဖြေရှင်း

Want create site? Find Free WordPress Themes and plugins.

လက်ရှိ ကာလမှာ လူရွှင်တော် ငြိမ်းချမ်းက သူ့ရဲ့ စားဝတ်နေရေးအတွက် မိသားစုနဲ့အတူ Live လွှင့်ကာ အဝတ်အထည်များ ရောင်းချနေပြီး၊ ငြိမ်းချမ်းအား “တပ်မတော် နယ်လှည့် ဆက်ဆံရေးအငြိမ့်” က တပ်ကြပ်ကြီးလို့ ပြောနေကြတဲ့အပေါ် လူရွှင်တော် ကောင်းကျော်က အခုလိုပဲ ရှင်းပြခဲ့ပါတယ်။

“ရှင်းပြရုံလေးပါ။ လူရွှင်တော် ကိုငြိမ်းချမ်း လက်ရှိကာလမှာ ဝမ်းရေးအတွက် မိသားစုနဲ့အတူ အထည်လေးတွေ Live လွှင့်ပြီး စားဝတ်နေရေးအတွက် လုပ်ကိုင်နေသည်ကို ချစ်ခင်ကြတဲ့ မီဒီယာအချို့က Share လုပ်ပေးကြတဲ့အထဲမှ comment အချို့မှာ တွေ့လိုက်ရတယ်”

လူရွှင်တော် ငြိမ်းချမ်း (ဓာတ်ပုံ – Nyein Chan’s Facebook)

“ငြိမ်းချမ်းက တပ်မတော်နယ်လှည့် ဆက်ဆံရေး အငြိမ့်က တပ်ကြပ်ကြီးတယောက်တဲ့။ သူများတွေ သောကတွေနဲ့ စိတ်တွေ မလုံခြုံရတဲ့အထဲ အဖမ်းခံနေရတဲ့သူတွေ တိမ်းရှောင်နေရတဲ့ အနုပညာသမားတွေကို အားမနာဘဲ ဈေးရောင်းရသလားဆိုတာတွေ မြင်လိုက်ရလို့ ရှင်းပြပါရစေ”လို့ လူရွှင်တော် ကောင်းကျော်က ဆိုပါတယ်။

လူရွှင်တော်ကြီး ငြိမ်းချမ်းဟာ အရွယ်ရောက်ကတည်းက အခုချိန်ထိ အနုပညာကလွဲလို့ ကျန်တာ ဘာမှ မလုပ်စားတတ်တဲ့ အနုပညားသမား စစ်စစ်လို့ ဆိုပါတယ်။

“ကိုငြိမ်းချမ်းကို တပ်ကြပ်ကြီး တယောက်လို့ ထင်ယောင်ထင်မှား ထင်ကြသူများ အဖြစ်က ဒီလိုပါ။ မိခင်ကြီးက ဓာတ်ပြားအဆိုတော် ဒေါ်ခင်ခင်ညွှန့်၊ ဖခင်ကြီးက နောက်ပိုင်းနှင့် ပြဇာတ်မင်းသားကြီး စာရေးဆရာ အောင်ဘညို။ အရွယ်ရောက်ကတည်းက အခုချိန်ထိ အနုပညာကလွဲလို့ ကျန်တာဘာမှ မလုပ်စားတတ်တဲ့ အနုပညာသမားစစ်စစ် တယောက်”

လူရွှင်တော် ငြိမ်းချမ်း (ဓာတ်ပုံ – Nyein Chan’s Facebook)

“အနုပညာလမ်းပေါ် လျှောက်လှမ်းရင်းနဲ့ ၁၉၉၅ ကနေ ၂၀၀၀ ခုနှစ်အထိ ရန်ကုန်တိုင်း စစ်ဌာနချုပ်ရဲ့ ရန်ကုန်တိုင်းအတွင်း စီမံချက်နဲ့ ကပြ ဖျော်ဖြေခဲ့တဲ့ မြဝတီအငြိမ့် (ရွှေဝါဝင်း) အငြိမ့်မှာ ညကြေးစားနဲ့ ဖျော်ဖြေပေးခဲ့ဖူးပြီး၊ ၂၀၀၁ ခုနှစ်မှာတော့ နအဖ ခေတ်က နိုင်ငံတော်အဆင့် အငြိမ့်တဖွဲ့ ဖွဲ့ဖို့ စီမံချက်နဲ့ ဖွဲ့ခဲ့သည့် ရှုမဝအငြိမ့်မှာ တပ်မတော်ရဲ့ ဘယ်ရာထူး ဘယ်ခံစားခွင့်မှ မပါဘဲ အရပ်သားစစ်စစ် လစာနဲ့အနုပညာတာဝန်ကို ၁၅ လတာတော့ တာဝန်ထမ်းဆောင်ခဲ့ဖူးလေရဲ့”လို့ ကောင်းကျော်က ဆိုပါတယ်။

အဆိုပါ “ရှုမဝအငြိမ့်” ကနေ အောင်မြင်မှုတွေ စခဲ့ကြတယ်ဆိုပေမယ့် တပ်ကြပ်ကြီးဆိုတာကတော့ လုံးဝ အမှားပါလို့ လူရွှင်တော် ကောင်းကျော်က ပြောပါတယ်။

လူရွှင်တော် ငြိမ်းချမ်း (ဓာတ်ပုံ – Nyein Chan’s Facebook)

“ရှုမဝက အငြိမ့်ကနေစပြီး အောင်မြင်မှုတွေ စခဲ့ကြတယ်ဆိုတာတော့ အမှန်တရားတခု၊ တပ်ကြပ်ကြီးတဦးဆိုတာ လုံးဝ အမှားပါ။ အတော်များများက သိပြီးသားမို့ မရှင်းပြလည်း ဘာမှ မဖြစ်ပေမယ့် အခုလို ထိရှလွယ်နေတဲ့အချိန်မှာ ဘာမှ မဟုတ်လောက်ဘူး ထင်လိုက်မိတဲ့ Comment လေးတခုကြောင့် လူတယောက်ရဲ့ ဘဝတခုနဲ့ သက်ဆိုင်နေတာမို့ မှားတာကို အမှားပါလို့ ရှင်းပြရုံလေးပါ”

“ဘာကြောင့် ဈေးရောင်းရပါသလဲ။ အခုချိန်မှာ ဘယ်ဘက်က ရပ်တည်ရပ်တည်၊ အဲ့လို ရပ်တည်ပေးနိုင်ဖို့ဆိုတာ စီးပွားတောင့်တင်းပြီးသားသူတွေအတွက် ပြဿနာ မရှိပေမယ့် ခက်ခဲတဲ့သူတွေ အတော်ခက်ခဲကုန်နေပြီ။ ဒါကြောင့် ဝမ်းရေးအတွက်ရော၊ ကိုယ်ရပ်တည်တဲ့ဘက်ကို ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့အတွက်ရော စီးပွားဖြစ် ချမ်းသာဖို့ထက် မိသားစု ဝမ်းရေး ပုံမှန် စားနေနိုင်ဖို့က အရေးကြီးပါတယ်”လို့ သူက ဆိုပါတယ်။

ကိုဗစ်ကာလကနေ ယခု တော်လှန်ရေးကာလအထိ အနုပညာ အလုပ်တွေ ရပ်တန့်နေတာ ၁ နှစ်ကျော် အချိန်ရှိပြီလို့လည်း ဆိုပါတယ်။

လူရွှင်တော် ကောင်းကျော် (ဓာတ်ပုံ – Kaung Kyaw’s Facebook)

“ကိုဗစ်ကနေ အခုတော်လှန်ရေးကြီးအထိ အနုပညာအလုပ်တွေ ရပ်တန့်နေတာ ၁ နှစ်ကျော်အချိန် ရှိပါပြီ။ ဒါကြောင့် အနုပညာသမားတွေဟာ ကိုယ်နားမလည်တဲ့ ဘာသာရပ်တခုကို မရှက်မကြောက် ရိုးသားစွာနဲ့ အထည်တွေ ရောင်းတာ ဘယ်သူ့ကိုများ ထိခိုက်ကုန်လို့လဲ။ မဝယ်ချင်လည်း မဝယ်ကြနဲ့ပေါ့ဗျာ”

“အနုပညာသမားတွေဟာ အနုပညာအလုပ်မှာ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ အနုပညာအပေါ်သာ ပျော်မွေ့နေတတ်ကြတဲ့ လူတန်းစားတွေမို့ ဒီအလုပ်ကို ဘယ်သူမှ မလုပ်ချင်ကြပါဘူးဗျာ”လို့ လူရွှင်တော် ကောင်းကျော်က ပြောထားပါတယ်။

လူရွှင်တော်ကြီး ငြိမ်းချမ်းဟာ ပြီးခဲ့တဲ့နှစ်အတွင်းက မျက်နှာ လေတခြမ်း ဖြတ်သွားခဲ့ပြီး၊ ယခုအခါ ကျန်းမာရေး ပြန်ကောင်းလာပြီးနောက်မှာတော့ မိသားစုနဲ့အတူ Live လွှင့်ကာ အွန်လိုင်းမှ အဝတ်အထည်များ ရောင်းချပေးနေတာ ဖြစ်ပါတယ်။

You may also like these story:

မျက်နှာတခြမ်း လေဖြန်းသွားတဲ့အကြောင်း ပြောပြတဲ့ သရုပ်ဆောင် ငြိမ်းချမ်း

Did you find apk for android? You can find new Free Android Games and apps.
Loading