Entertainment

ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခံနေရတဲ့အပေါ် ဒီဇိုင်နာ မျိုးမင်းစိုး ပြန်ဖြေရှင်း

မန္တလေးမြို့မှာ နေထိုင်တဲ့ ဒီဇိုင်နာ မျိုးမင်းစိုးက အခုလို နိုင်ငံရေး မတည်မငြိမ် ဖြစ်နေတာကို အခွင့်အရေး ယူပြီး သူ့ရဲ့ Personal အကြောင်းအရာများအား လိုက်လံ တိုက်ခိုက်ခံနေရတဲ့အပေါ် အခုလိုပဲ သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကနေ ပြန်လည် ရှင်းပြခဲ့ပါတယ်။

“အခုလို နိုင်ငံရေး မတည်မငြိမ် ဖြစ်နေတာကို အခွင့်အရေးယူပြီး ကျနော့်ရဲ့ Personal အကြောင်းကိုသေချာ မစုံစမ်း မလေ့လာ မသိပါဘဲ နိုင်ငံရေးကို အခွင့်အရေးယူပြီး ပုဂ္ဂိုလ်ရေးရာ တိုက်ခိုက်မှုမျိုးစုံနဲ့နာမည်ပျက်အောင် လုပ်ကြံပြီး အကောင့်အတု မျိုးစုံကနေ Speak out ဘာမှမလုပ်ပါဘူး ဆိုပြီး ချောက်တွန်း ပုတ်ခတ် တိုက်ခိုက်ပြီး လူတွေ အမုန်းပွားစေအောင် နိုင်ငံရေးနှင့် ပုဂ္ဂိုလ်ရေး ရောထွေးလုပ်ကြံပြီး ထင်ရာမြင်ရာ ပြောချင်ရာ ပြောနေတာတွေ တွေ့နေရလို့ပါ”

“ရေးနေတဲ့သူ ကိုယ်တိုင်ကကျ ဘာမှ မလုပ်ကြပါဘဲနဲ့ လေနဲ့ပဲ သူများရဲ့ဘဝတွေကို ချောက်တွန်းပြီး ခုတ်ရာတခြား ရှရာတခြား ပြောချင်ရာ ဇွတ်ပြောပြီး၊ ဘေးထိုင်ဘုပြောပြီး ကျနော့်ကို အဖမ်းခံစေချင်တဲ့ ဒလန်အချို့က သပ်သပ် ရှိနေတယ်”လို့ ဒီဇိုင်နာ မျိုးမင်းစိုးက ပြောပါတယ်။

အဆိုပါ သတင်းလွှင့်တဲ့သူကို ဘယ်သူဘယ်ဝါ၊ ဘာအလုပ် လုပ်တယ်၊ ဘယ်မှာနေလဲဆိုတာကို သိပေမယ့် ကိုယ်တိုင်က မျက်ကွယ်ပြုပြီး အပြစ်မမြင်ဘဲ နေခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇိုင်နာ မျိုးမင်းစိုး (ဓာတ်ပုံ – Myo Minn Soe’s Facebook)

“သတင်းလွှင့်တဲ့သူက ဘယ်သူဘယ်ဝါ၊ ဘာအလုပ် လုပ်တယ်၊ ဘယ်မှာနေတာလဲ ဆိုတာလည်း သိပါတယ်။ ဒါပေမဲ့ ပြောချင်ရာ ပြောဆိုခွင့်၊ ဆဲဆိုခွင့် ရနေတဲ့အချိန်မို့ ကျနော် မျက်ကွယ်ပြုကာ သူတို့ကို အပြစ်မမြင်ဘဲ ကြိုးစားပြီး နေခဲ့ပါတယ်”

“ကျနော့်ရဲ့သမိုင်းကြောင်းကို သေချာပြန်ကြည့်ရင် သိနိုင်ပါတယ်။ ကျနော့်ကို သက်သက်ကြီး ရည်ရွယ်ချက်ရှိရှိနဲ့နဲ့ တိုက်ခိုက်ရအောင် ကျနော်ကလည်း သူဌေးတယောက်လည်း မဟုတ်ပါဘူး။ ကျနော့်အမေ သင်ပေးတဲ့ စက်ချုပ်ပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုပြီး လှူဒါန်း သင်တန်း ပြနေတဲ့ စက်ချုပ်သမား တယောက်ပါ”လို့ ဒီဇိုင်နာ မျိုးမင်းစိုးက ဆိုပါတယ်။

ဆက်လက်ပြီး ကိုယ့်ရဲ့ တာဝန်၊ ကိုယ့်ရဲ့ ခံယူချက်၊ ကိုယ့်ရဲ့ သမိုင်းကို ကိုယ်သာ အသိဆုံးမို့ လိပ်ပြာ လုံရဲ့လားဆိုတော့ အရမ်း လိပ်ပြာလုံတာပေါ့လို့ မျိုးမင်းစိုးက ဆိုပါတယ်။

ဒီဇိုင်နာ မျိုးမင်းစိုး (ဓာတ်ပုံ – Myo Minn Soe’s Facebook)

“ကိုယ်ရဲ့နေရာ၊ ကိုယ်ရဲ့တာဝန်၊ ကိုယ့်ရဲ့ခံယူချက်၊ ကိုယ့်ရဲ့လုပ်ဆောင်ချက်၊ ကိုယ့်ရဲ့သမိုင်းကို မိမိကိုယ်သာလျှင် မိမိအသိဆုံးမို့ လိပ်ပြာလုံရဲ့လားဆိုတော့ အရမ်းလိပ်ပြာလုံတာပေါ့။ လူပီသတဲ့ လုပ်သင့်လုပ်အပ်တဲ့ လုပ်ရပ်တွေကို အဓိကနဲ့ သာမည ခွဲခြားသိမြင်ပြီး လုပ်နိုင်သမျှ လုပ်ခွင့်ရခဲ့တဲ့အချိန်တွေမှာ ထိထိမိမိ လုပ်ခဲ့ပြီးပြီလေ”

“ဒီလိုအချိန်၊ ဒီလိုကာလမှာ အဖြု၊ အမည်း၊ မိတ်ဆွေ၊ ရန်သူ ကွဲပြားတဲ့ကာလမို့ အားလုံး ရင်ထဲမှာ အရာအားလုံး မှတ်ထားပါတယ်။ သေချာတာ တခုကတော့ ကျနော့်ရဲ့ ဒီဇိုင်နာ လုပ်သက် ၁၄ နှစ် အတွင်းမှာ ယနေ့အချိန်ထိ မည်သူ တဦးတယောက်ရဲ့ ဩဇာအာဏာ လွှမ်းမိုးမှုကို မခံဘဲ ကျနော့်ရဲ့ ရွေးချယ်မှု၊ ဆုံးဖြတ်ချက်နဲ့သာ ယနေ့အချိန်ထိ ရပ်တည်လာတာ ဖြစ်တဲ့အတွက် ကျနော် အမြဲလိပ်ပြာလုံနေပါတယ်”လို့ မျိုးမင်းစိုးက ဆိုပါတယ်။

Facebook သုံးခဲ့တဲ့ ကာလ တလျှောက်လုံးမှာလည်း သူတပါးကို စောင်းမြောင်း တိုက်ခိုက် ဆဲဆိုတာမျိုးတွေ မလုပ်ခဲ့ဘူးလို့ ဒီဇိုင်နာ မျိုးမင်းစိုးက ဆိုပါတယ်။

ဒီဇိုင်နာ မျိုးမင်းစိုး (ဓာတ်ပုံ – Myo Minn Soe’s Facebook)

“Facebook သုံးခဲ့တဲ့ကာလ တလျှောက်လုံးလည်း သူများကို တိုက်ခိုက် ပုတ်ခတ်ပြီး ဆဲဆို စောင်းမြောင်း ပြောဆိုခြင်းတွေ မလုပ်ခဲ့ဘူးဆိုတာ Facebook က သူငယ်ချင်းတွေ သိမှာပါ။ အခုလိုအချိန်မှာ လူတွေအားလုံး အလုပ်အကိုင်တွေ အဆင်မပြေ၊ စီးပွားရေးတွေ အဆင်မပြေဖြစ်နေချိန်မှာ ဒီလို အကြောင်းတွေလည်း မရေးချင်ပါဘူး”

“ချစ်ခင်ရတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေ၊ ကျနော့် အမေတို့ကလည်း ပြန်မရေးဖို့ ပြောကြပေမယ့် တချို့ မသိသေးတဲ့သူတွေ တမျိုးထင်မှာစိုးလို့ ရေးလိုက်မိတာပါ။ သေချာတာတခုကတော့ ကျနော်လည်း ပြည်သူထဲက သမာအာဇီဝကျကျ လုပ်ကိုင်ရှာဖွေ စားသောက်နေရတဲ့ ပြည်သူတယောက်ပေမို့ ပြည်သူနဲ့ တသွေးတည်း၊ တသားတည်း ရှိနေခဲ့တာ ရက်ပေါင်း (၁၀၀) ကျော်နေပါပြီ ဆိုတာလေး ပြောပါရစေ”လို့ ဒီဇိုင်နာ မျိုးမင်းစိုးက ပြောပြထားပါတယ်။

ဒီဇိုင်နာ မျိုးမင်းစိုးကတော့ ဒီအကြောင်းအရာတွေကို အခုလိုပဲ ရေးသား ပြောပြထားတာဖြစ်ပြီး၊ ပြီးခဲ့တဲ့ နှစ်အတွင်းကလည်း နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ကျင်းပခဲ့တဲ့ “Mask ချုပ်လုပ်မှု ပြိုင်ပွဲ”မှာ ပြည်သူ အနှစ်သက်ဆုံး ဆု ၃ ဆုအနက် ဒုတိယဆု ရရှိခဲ့ပါတယ်။

Loading