အဆိုတော် ရန်ရန်ချမ်းကတော့ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေအတွက် လှူဒါန်းပေးဖို့ သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကနေ ရင်းနှီးတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေကို တိုက်တွန်း နှိုးဆော်ထားပါတယ်။
“ကျနော့် မိတ်ဆွေ၊ သူငယ်ချင်းများ ကျနော့်ကို ၁၀ဝ ရာခိုင်နှုန်း ယုံကြည်မယ်လို့ ခံစားရတဲ့အတွက် ဒီစာကို ရေးခြင်း ဖြစ်ပါတယ်။ တိုင်းပြည် သာယာဝပြောနေသည်ဖြစ်စေ၊ စစ်ဖြစ်နေသည်ဖြစ်စေ၊ ရောဂါကပ်ဘေးဖြစ်နေသည်ဖြစ်စေ၊ ကျနော်တို့အားလုံးအတွက် အစားအစာက မရှိမဖြစ် လိုအပ်ပါတယ်”
“အဲ့အတွက် ကိုယ့်အိမ်ထဲမှာ ကိုယ်စားနေနိုင်သေးတယ်ဆိုတဲ့ လူသားတွေက ကိုယ့်အိမ်ကိုယ့်ယာကို စွန့်ခွာပြီး ရိက္ခာအတွက် ခက်ခဲနေတဲ့ လူသားတွေကို ခွဲပေးဖို့အတွက် တိုက်တွန်းပါတယ်။ ဒီအချိန် နိုင်သလောက် လှူနေကြတာလည်း အားလုံးသိပါတယ်။ ဥပမာ ဘုရားပွဲထဲက အလှူခံမဏ္ဍပ် အများကြီးထဲက YC ရဲ့အလှူခံမဏ္ဍပ်လေးလို့ သဘောထားပြီး လှူပေးကြပါ”လို့ ရန်ရန်ချမ်းက ဆိုပါတယ်။
အစက လူအနည်းငယ်ဆီကပဲ အလှူခံခဲ့ပေမယ့် ယခုအခါ အများအတွက် ပိုလိုအပ်တာကြောင့် အလှူခံရခြင်းဖြစ်တယ်လို့ ရန်ရန်ချမ်းက ဆိုပါတယ်။
“အစက ကျနော် လူအနည်းငယ်ဆီကပဲ Secret (လျှို့ဝှက်) အလှူခံတာကနေ အခု အများအတွက် ပိုလိုလာလို့ပါ။ လှူလို့ တခုခုဖြစ်မလား ကြောက်နေတဲ့သူများကလည်း လက်နက်ခဲယမ်းအတွက် အလှူခံတာ မဟုတ်လို့ ရဲရဲကြီး လှူပေးစေချင်ပါတယ်။ လှူလို့ဖမ်းမယ်ဆိုတဲ့သူတွေလည်း ခင်ဗျားတို့မှာ ပါးစပ်ပေါက်ပါတယ် မလား။ ဗိုက်ဆာတတ်တယ်မလား”
“အဲ့အတွက် ဖမ်းမယ့်စီးမယ့်အစား ဒီအလှူအတွက် မျက်စိမှိတ်ပေးထားပါ။ ဒီအလှူရဲ့အားသာချက်ကတော့ ဖြတ်ပိုင်းလည်း ပြန်လာမှာ မဟုတ်သလို နိဗ္ဗာန်ရောက်ဖို့အတွက်လည်း မဟုတ်ပါဘူး။ တိုင်းသူပြည်သား အချင်းချင်း မျှဝေကြခြင်းပါ။ Messenger မှ ဆက်သွယ်ပေးပါ”လို့ ရန်ရန်ချမ်းက ပြောထားပါတယ်။
“Acid” အဖွဲ့မှ အဆိုတော် ရန်ရန်ချမ်းကတော့ ဖေဖော်ဝါရီလ အစတည်းက ပြည်သူနဲ့အတူ တသားတည်း ရပ်တည်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့သူ တဦးဖြစ်ပြီး၊ ဧပြီလအတွင်းက စစ်ကောင်စီရဲ့ ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ အနုပညာရှင်လည်း ဖြစ်ပါတယ်။
You may also like these stories:
“အာဏာသိမ်းတာ နောင်လာမယ့် မျိုးဆက်ကို အများကြီး ရိုက်ခတ်နိုင်တယ်”
အနုပညာရှင်များစွာ ပါဝင်လာကြတဲ့ “အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ”