စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် တော်လှန်ရေးနယ်မြေမှာ စစ်သင်တန်း တက်နေတဲ့ အလှမယ် ထားထက်ထက်က သူရောက်ရှိနေတဲ့ စခန်းသို့ လိုအပ်နေတဲ့ အထောက်အကူပြု ပစ္စည်းများ လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။
“ကျမတို့ စခန်းလေးကို ဧပြီလ ပထမပတ်လောက်မှာ လူဦးရေ ဆယ်ဂဏန်းလောက်နဲ့ စတင်ခဲ့ပါတယ်။ လူဦးရေ နည်းသလို နံရံ၊ အဆောင်နဲ့ အိမ်သာတွေကို ရဲဘော်တွေ တယောက် တလက်နဲ့ ဝိုင်းဝန်းပြီး တည်ဆောက်ခဲ့ကြပါတယ်။ အခုချိန်မှာတော့ သင်တန်းဆင်းပြီးနဲ့ သင်တန်းသား အရေအတွက်ဟာ ရာဂဏန်းကြီး တခုအထိ ရှိလာခဲ့ပါပြီ”
“အစားအသောက်၊ အနေအထိုင် ဆင်းရဲတာကို ကျမတို့ အားလုံးက အဖိနှိပ်ခံ လူထုကို အာဏာရှင် လက်အောက်က ဆွဲထုတ်နိုင်ဖို့ ဆိုတဲ့ စိတ်နဲ့ ဖြတ်ကျော်ပါတယ်။ ကျမတို့လိုမျိုး ယုံကြည်ချက် ခိုင်မာ ပြင်းထန်သူတွေ စခန်းတွေထဲမှာ ၃ သောင်းကျော်ကနေ ၅ သောင်းဝန်းကျင် ရှိနေပြီးတော့ တကယ့် လိုအပ်ချက် စစ်စစ် ဖြစ်တဲ့ အထောက်အကူ ပစ္စည်းတွေကတော့ လိုအပ်လျက် ရှိနေပါသေးတယ်”လို့ ထားထက်ထက်က ပြောပါတယ်။
ပြီးခဲ့တဲ့ မိုးဗြဲတိုက်ပွဲမှာဆိုရင် အထောက်အကူပစ္စည်း လိုအပ်မှုကို သိသိသာသာ မြင်တွေ့နိုင်ပြီး NUG နဲ့ CRPH ကို သစ္စာခံတဲ့ ရဲဘော်တွေအတွက် လှူဒါန်းပေးကြဖို့ တိုက်တွန်းထားပါတယ်။
“ပြီးခဲ့တဲ့ မိုးဗြဲတိုက်ပွဲလိုမျိုးကို ပြန်ကြည့်ရင် အထောက်အကူပစ္စည်း လိုအပ်ချက်ကို သိသိသာသာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ကျမ မေတ္တာရပ်ခံလိုတာကတော့ NUG နဲ့ CRPH ကို သစ္စာခံတဲ့ ကျမတို့ ရဲဘော်တွေအတွက် အထောက်အကူပြု ပစ္စည်းတွေ ဝယ်ယူရန် ငွေကြေး တိုက်ရိုက် လှူဒါန်းပေးဖို့ပဲ ဖြစ်ပါတယ်”လို့ ထားထက်ထက်က ပြောပါတယ်။
ယခုလို အလှူငွေ ကောက်ခံခြင်းအား အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) သို့ တိုက်ရိုက် သတင်းပို့ တင်ပြထားပြီးဖြစ်ပြီး ဝိုင်းဝန်း လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။
“Crypto-currency တခု ဖြစ်သော Bitcoin (BTC) ကို အခု ဖော်ပြထားသော အကောင့်ကို တိုက်ရိုက် လှူဒါန်းပေးကြဖို့ မေတ္တာ ရပ်ခံပါရစေ။ ယခု အလှူ ကောက်ခံခြင်းကို NUG သို့ တိုက်ရိုက် သတင်းပို့ တင်ပြထားပြီး ဖြစ်ပါတယ်ရှင်”
“ကျမတို့ အနေအထိုင်၊ အစားအသောက် ဆင်းရဲတာကို ရင်ဆိုင် ကျော်ဖြတ်နိုင်ပါတယ်။ အမိုးအကာ မပါဘဲလည်း ကျမတို့ အိပ်နိုင်ပါတယ်။ စိတ်ဓာတ် တက်ကြွစေမယ့် အထောက်အကူပြု ပစ္စည်းတွေ ပါဝင်တဲ့အခါ ပိုပြီး ကောင်းမွန်တဲ့ ရလဒ်တွေကို ပိုပေါက်လာနိုင်စေမှာပါ။ ကျေးဇူးတင်ပါတယ်ရှင်”လို့ ထားထက်ထက်က ပြောထားပါတယ်။
You may also like these stories:
ဒီးမော့ဆိုမှာ PDF နှင့် စစ်ကောင်စီကြား စစ်ရေး တင်းမာ
စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူသောင်းချီ စစ်ဘေးရှောင်နေရ