လက်ရှိ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ Makeup Artist နဲ့ Freelance Model ဟန်နာယူရီက ကိုရီးယား Channel တခုနဲ့ မြန်မာနိုင်ငံအကြောင်း အင်တာဗျူး ဖြေစဉ်မှာ မင်းတပ်နဲ့ လက်ရှိ အခြေအနေတွေအကြောင်း ဖြေကြားထားပြီး၊ စိတ်နှလုံး နာကျင်ရတယ်လို့ ဆိုပါတယ်။
“ဒါက ဒုတိယပိုင်း မင်းတပ်နဲ့ လက်ရှိ အခြေအနေအကြောင်း ပြောထားတာပါ။ ကျမက ကျမတို့တွေ ရင်ဆိုင်နေရတာတွေကို ပြန်ပြောရတဲ့အခါ နှလုံး နာကျင်ပါတယ်။ မြန်မာလိုတောင် ပြောဖို့ ခက်ခဲတာ ကျမက တိုင်းရင်းသူမို့ စကားဝဲတာတွေ Live တွေမှာ တွေ့မှာပါ။ မိခင်ဘာသာစကား မဟုတ်တဲ့ English စကားက ပိုဖိအား များပါတယ်”လို့ ဟန်နာယူရီက ပြောပါတယ်။
အင်တာဗျူးမှာ ဖြေဆိုမယ့် အချက်အလက်တွေ ဘာမှ မကျန်ခဲ့အောင် တရက် ကြိုတင် ပြင်ဆင်ခဲ့တယ်လို့လည်း ဟန်နာယူရီက ဆိုပါတယ်။

“စိတ်လှုပ်ရှားတာကော၊ အားငယ် ဝမ်းနည်းတာကောပဲ။ ဒါကြောင့် ဘာမှ ကျန်ခဲ့တာ မရှိအောင် ရိုက်ကူးရေး မစခင် တရက်ကတည်းက Production PD ကို ကြိုပြီး ကျမ ဖြေဆိုမယ့် အချက်အလက်တွေကို ပို့ပေးထားခဲ့ပါတယ်။ ကျမ ချစ်ရတဲ့နိုင်ငံ၊ ကျမ မြတ်နိုးရတဲ့ မြန်မာပြည်သူတွေအတွက် ဘယ်အချိန်မဆို အမြဲရပ်တည်နေမှာပါ”လို့ ဟန်နာယူရီက ပြောပါတယ်။
ဟန်နာယူရီ ဖြေကြားထားတဲ့ အင်တာဗျူးလင့်ခ် –
ဆက်လက်ပြီး ဟန်နာယူရီက အခုချိန် သူများနိုင်ငံမှာ အနုပညာရှင် တယောက်အနေနဲ့ မာနဂုဏ်တွေ ချပြီး အလှူခံ၊ ဗီဒီယိုတွေ ရိုက်ကူးနေပေမယ့် အရေးတော်ပုံပြီးရင် အရင်လို ဝင့်ကြွားစွာ အလုပ်တွေ ပိုလုပ်သွားမယ်လို့ ဆိုပါတယ်။
“အခုအချိန် သူများနိုင်ငံမှာ အနုပညာရှင်တယောက်ရဲ့ မာနဂုဏ်တွေ ချပြီး ဒီလို အကူအညီတောင်းခံ၊ နိုင်ငံအတွက် လှူပေးဖို့ အလှူခံ၊ ဗီဒီယိုတွေ ရိုက်ကူးနေပေမယ့် အရေးတော်ပုံပြီးရင် အရင်လို ဝင့်ကြွားစွာ အလုပ်တွေ ပိုလုပ်ပါ့မယ်။ သန္နိဋ္ဌာန် ချထားပါတယ်။ ကျမတို့နိုင်မှာ သေချာတယ်။ အရေးတော်ပုံအောင်ကို အောင်ရမည်။ အားတင်းထားမယ်”လို့ ဟန်နာယူရီက ဆိုပါတယ်။
အင်တာဗျူး ဖြေဆိုတဲ့အခါမှာ မငိုမိအောင် မနည်းထိန်းဖြေခဲ့ရတဲ့ အကြောင်းကိုလည်း ဟန်နာယူရီက အခုလိုပဲ ပြောထားပါတယ်။

“ဘာလို့ ရယ်ပြောနေတာလဲ၊ ပျော်နေတာလားလို့ အချို့က ပြောကြတယ်။ ဒီ Channel ကို ကြည့်ကြည့်ပါ။ သူတို့က အပျော် Channel ပါရှင်။ ကျမက အသုဘအိမ်လို ဖြစ်နေတဲ့ နိုင်ငံအကြောင်း ပြောနေပေမယ့် ငိုကြီးချက်မနဲ့ ဖြေနေလို့ မရဘူးလေ။ Professional အလုပ်လုပ်ရမယ်။ ဒါကြောင့် မငိုမိအောင် မနည်းထိန်း ဖြေနေရတာပါရှင်”လို့ ဟန်နာယူရီက ပြောထားပါတယ်။
Makeup Artist နဲ့ Freelance Model ဟန်နာယူရီကတော့ သူရောက်ရှိနေတဲ့ တောင်ကိုရီးယားနိုင်ငံမှာ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးနဲ့ ပတ်သက်ပြီး သူတတ်နိုင်တဲ့ဘက်ကနေ တတ်အားသရွေ့ Speak Out လုပ်ပေးကာ ဆန္ဒဖော်ထုတ်နေတဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။
You may also like these stories:
ပြည်ပရောက် မြန်မာများနဲ့အတူ တောင်ကိုရီးယားမှာ ဆန္ဒပြခဲ့တဲ့ ဟန်နာယူရီ
အင်တာဗျူးဖြေရင်း မင်းတပ်အတွက် ဝမ် ၁ သိန်း လှူဒါန်းခဲ့တဲ့ ဟန်နာယူရီ
မြန်မာနိုင်ငံအတွက် တောင်ကိုရီးယားမှာ အလှူငွေ ကောက်ခံပေးနေတဲ့ ဟန်နာယူရီ