Entertainment

မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) မှ မနော၊ ညီမင်းခိုင်နဲ့ ဝေကြီးတို့ နုတ်ထွက်

အာဏာသိမ်း စစ်ကောင်စီမှ ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) အမှုဆောင်အဖွဲ့ ယာယီ ဖွဲ့စည်းမှုကို ဇွန်လ ၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပြီး၊ အဆိုပါ အဖွဲ့အစည်းအတွင်း နာယကများအနေဖြင့် ဗိုလ်ကလေးတင့်အောင်၊ ဒေါ်တင်တင်မြ၊ ဟင်္သာတမြင့်ငွေ၊ ဦးတင်ဦးလေး၊ မြန်မာပြည်သိန်းတန်နှင့် ဥက္ကဋ္ဌအဖြစ် အဆိုတော် ကိုင်ဇာတို့ကို ခန့်အပ်ထားကြောင်း ပါရှိပါတယ်။

ယင်းကဲ့သို့ ထုတ်ပြန်လိုက်တဲ့ အမှုဆောင်အဖွဲ့ စာရင်းမှာ စည်းရုံရေးမှူးနဲ့ အမှုဆောင် အဖွဲ့ဝင်များအဖြစ် ပါရှိတဲ့ အဆိုတော် ညီမင်းခိုင်၊ မနောနဲ့ တေးရေး ဝေကြီးတို့က အသီးသီး နုတ်ထွက်ကြောင်း သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာများကနေ အသိပေးထားပါတယ်။

အဆိုတော် မနော (ဓာတ်ပုံ – Ma Naw’s Facebook)

“မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) အမှုဆောင်အဖွဲ့ ယာယီ ဖွဲ့စည်းခြင်း ကိစ္စနှင့် ပတ်သက်၍ ကျနော် မနော အနေဖြင့် လုပ်ဆောင်ရန်မှာ အခက်အခဲများ ရှိပါ၍ လေးစားစွာ တင်ပြအပ်ပါသည်။ ကျနော် မနောသည် အနုပညာပိုင်းမှာလည်း ဝါသနာရှင်သာ ဖြစ်ပါသည်။ ပညာရှင် မဟုတ်ပါ ခင်ဗျာ။ အတန်းပညာပိုင်းမှာလည်း မူလတန်းသာ အောင်ခဲ့သူတဦး ဖြစ်ပါသည်”

အဆိုတော် မနော ရေးသားထားသည့်စာ (ဓာတ်ပုံ – Ma Naw’s Facebook)

“အသက်အရွယ်ပိုင်းဆိုလျှင်ဖြင့် ၃၈ နှစ်သာ ရှိသေးသောကြောင့် အဘက်ဘက်မှ အားနည်းချက်များစွာ ရှိနေပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)၏ အမှုဆောင်အဖွဲ့ဝင် အဖြစ်နှင့် မသင့်တော်ခြင်းကြောင့် ခွင့်လွှတ် နားလည်စေလိုပါသည်။ ကျနော် မနောအား မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) အနေဖြင့် အမှုဆောင်အဖွဲ့ဝင် မဟုတ်ဘဲ ပရဟိတ ကိစ္စများ စေခိုင်းလိုလျှင် အချိန်မရွေး မဆိုင်းမတွပဲ ဆောင်ရွက်ပေးပါမည်”လို့ မနောက ရေးသားထားပါတယ်။

“ဒီအဖွဲ့အစည်းက ကိုဗစ် မဖြစ်ခင်ကာလကတည်းက ဖွဲ့စည်းခဲ့ကြပေမယ့် တရားဝင်တော့ မဟုတ်သေးဘူးပေါ့။ ထိုစဉ်အချိန်က ဂီတအစည်းအရုံးနဲ့ မသက်ဆိုင်သေးတဲ့ အဖွဲ့အစည်းတရပ် ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရမယ်ဆိုရင် ကိုယ်ထူကိုယ်ထနဲ့ ဂီတလုပ်ငန်းစဉ်တွေရဲ့ ဂီတသမားတွေအတွက် ရပိုင်ခွင့် အကျိုးရလဒ်တွေကို အမှန်တရားဘက်မှ ရပ်တည် ဆောင်မပေးမယ့် အဖွဲ့အစည်းတခုအဖြစ် ကိုယ်ကျိုးမဲ့ ကြိုးစားဖန်တီး အားယူနေခဲ့ကြတာပါ”

အဆိုတော် ညီမင်းခိုင် (ဓာတ်ပုံ – Nyi Min Khine’s Facebook)

“ဒါပေမဲ့လို့ အခုလို အချိန်မျိုးမှာ ဒီလိုမျိုးတွေ ဖြစ်သွားခဲ့ရတဲ့အတွက်ကြောင့် လေးစားဝမ်းနည်းစွာဖြင့် ကိုယ့်စိတ်ဆန္ဒ သဘောအလျောက် နုတ်ထွက်ခဲ့ကြတာဖြစ်ပါကြောင်း အသိပေးအပ်ပါတယ် လူကြီးမင်းများခင်ဗျာ”လို့ အဆိုတော် ညီမင်းခိုင်က အသိပေးထားပါတယ်။

တေးရေး ဝေကြီး (ဓာတ်ပုံ – ဧရာဝတီ)

တေးရေး ဝေကြီးကလည်း “ကျနော် ဝေကြီးသည် ဂီတအစည်းအရုံးမှ အမှုဆောင် လုံးဝ (လုံးဝ) မဟုတ်ပါ”လို့ သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကနေ အသိပေး ပြောပြထားပါတယ်။

အဆိုပါ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ယာယီအမှုဆောင် အဖွဲ့စာရင်းမှာတော့ ဥက္ကဋ္ဌ အဆိုတော် ကိုင်ဇာ၊ ဒုဥက္ကဋ္ဌ (၁) ဦးလွင်မြင့်၊ ဒုဥက္ကဋ္ဌ (၂) စန္ဒရားမြင့်သိန်း၊ စည်းရုံးရေးမှူး ညီမင်းခိုင်၊ အမှုဆောင် အဖွဲ့ဝင်များအဖြစ် မနော၊ ဦးခင်မောင်သန်း၊ စန္ဒရားဘိုတာထွန်းညွှန့်၊ တက္ကသိုလ်တင်မောင်ဝင်း၊ ကိုထွန်း၊ စန္ဒရားဦးလှအေး၊ စောင်းဦးသက်ဝေ၊ ဦးမင်းရဲထွန်း၊ အကော်ဒီယံ အောင်မင်းနိုင်၊ ဦးမင်းဇော်နဲ့ တေးရေး ဝေကြီးတို့ ပါဝင်ကြောင်း ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

Loading