နိုင်ငံကျော် ဂီတစာဆို ဟင်္သာတမြင့်ငွေဟာ စစ်ကောင်စီမှ ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ယာယီ အမှုဆောင်အဖွဲ့အစည်း စာရင်းမှာ နာယက အဖြစ် ထည့်သွင်းထားပေမယ့် သူ့ရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေးကြောင့် တာဝန် ထမ်းဆောင်သွားမည် မဟုတ်ကြောင်း အသိပေးထားပါတယ်။
“ကျနော် ဂီတစာဆို ဟင်္သာတမြင့်ငွေအား ယခု ဖွဲ့စည်းသည့် (ယာယီ) ဂီတအစည်းအရုံးတွင် (နာယက) အဖြစ် ထည့်သွင်းထားကြောင်း သတင်းများတွင် တွေ့ရှိရပါသည်။ ကျနော်သည် အသက်အရွယ်နှင့် ကျန်းမာရေးအရ ၂၀၀၅ ခုနှစ်မှ စတင်၍ ဂီတအစည်းအရုံး တာဝန်များမှ အနားယူခဲ့ပြီး ဖြစ်ပါသည်”
“ယခု ဖွဲ့စည်းသော (ယာယီ) ဂီတအစည်းအရုံးတွင်လည်း (နာယက) တယောက်အဖြစ် တာဝန်ယူ ဆောင်ရွက်နိုင်မည် မဟုတ်ပါကြောင်း ဂီတမိတ်ဆွေ အပေါင်းအသင်းများအား အသိပေးအပ်ပါသည်”လို့ ဂီတစာဆို ဟင်္သာတမြင့်ငွေမှ တရားဝင် အသိပေးထားပါတယ်။
ဟင်္သာတမြင့်ငွေရဲ့ သမီးဖြစ်သူ အဆိုတော် ယုဇနကလည်း “ဖေဖေသည် ဂီတအစည်းအရုံး တာဝန်များမှ အနားယူထားခဲ့သည်မှာ ၁၆ နှစ် ကျော်ရှိပြီ ဖြစ်ပါတယ်။ ယခု ယာယီ ဖွဲ့စည်းလိုက်သော ဂီတအစည်းအရုံးတွင် (နာယက) အဖြစ် ထည့်သွင်းထားခြင်းအား ကြိုတင် မသိရှိခဲ့ပါ”
“အသက်အရွယ်နှင့် ကျန်းမာရေးအရ (နာယက)အဖြစ် တာဝန်ထမ်းဆောင်နိုင်မည် မဟုတ်ကြောင်းကိုလည်း ဂီတအစည်းအရုံးသို့ အကြောင်းကြားထားပြီး ဖြစ်ပါတယ်ရှင်”လို့ လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။
စစ်ကောင်စီမှ ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) အမှုဆောင်အဖွဲ့ ယာယီ ဖွဲ့စည်းမှုကို ဇွန်လ ၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပြီး၊ အဆိုပါ အဖွဲ့အစည်းအတွင်း နာယကများအနေဖြင့် ဗိုလ်ကလေးတင့်အောင်၊ ဒေါ်တင်တင်မြ၊ ဟင်္သာတမြင့်ငွေ၊ ဦးတင်ဦးလေး၊ မြန်မာပြည်သိန်းတန်နှင့် ဥက္ကဋ္ဌအဖြစ် အဆိုတော် ကိုင်ဇာတို့ကို ခန့်အပ်ထားကြောင်း ပါရှိပါတယ်။
အဆိုပါ ထုတ်ပြန်လိုက်တဲ့ အမှုဆောင်အဖွဲ့ စာရင်းကနေ အဆိုတော် မနော၊ ညီမင်းခိုင်နဲ့ တေးရေး ဝေကြီးတို့ကလည်း အသီးသီး နုတ်ထွက်ကြောင်း အသိပေးထားပါတယ်။
ou may also like these story:
မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) မှ မနော၊ ညီမင်းခိုင်နဲ့ ဝေကြီးတို့ နုတ်ထွက်