စစ်ကောင်စီမှ ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ယာယီ အမှုဆောင်အဖွဲ့မှာ အဆိုတော် ကိုင်ဇာအား ဥက္ကဋ္ဌတာဝန် ဆောင်ရွက်ရန် ပေးခဲ့သော်လည်း ကိုင်ဇာက သူ့ရဲ့ ကျန်းမာရေး အခြေအနေကြောင့် တာဝန်ယူ ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း နုတ်ထွက်ခွင့် တင်ထားပါတယ်။
“ကျနော် တေးသံရှင် ကိုင်ဇာအား မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ယာယီ အမှုဆောင်အဖွဲ့တွင် ဥက္ကဋ္ဌတာဝန် ဆောင်ရွက်ရန် ပေးအပ်ခဲ့သော်လည်း ကျနော်၏ ကျန်းမာရေး အခြေအနေ အခက်အခဲကြောင့် တာဝန်ယူ ဆောင်ရွက်နိုင်ခြင်း မရှိပါခင်ဗျာ”
“ထို့ကြောင့် ကျနော့်အား မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) အမှုဆောင်အဖွဲ့မှ နုတ်ထွက်ခွင့်ပြုပါရန် မေတ္တာရပ်ခံ တင်ပြအပ်ပါသည်ခင်ဗျာ”လို့ အဆိုတော် ကိုင်ဇာက ဆိုပါတယ်။
ဒါ့အပြင် ယနေ့ မနက်ပိုင်းကလည်း ဂီတစာဆို ဟင်္သာတမြင့်ငွေက သူ့ရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေးကြောင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှာ နာယကအဖြစ် တာဝန် ထမ်းဆောင်မည် မဟုတ်ကြောင်း အသိပေးထားပါတယ်။
ထို့အတူ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ရဲ့ အမှုဆောင်အဖွဲ့ စာရင်းကနေ အဆိုတော် မနော၊ ညီမင်းခိုင်နဲ့ တေးရေး ဝေကြီးတို့ကလည်း အသီးသီး နုတ်ထွက်ထားပါတယ်။
စစ်ကောင်စီမှ ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) အမှုဆောင်အဖွဲ့ ယာယီ ဖွဲ့စည်းမှုကို ဇွန်လ ၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပြီး၊ အဆိုပါ အဖွဲ့အစည်းအတွင်း နာယကများအနေဖြင့် ဗိုလ်ကလေးတင့်အောင်၊ ဒေါ်တင်တင်မြ၊ ဟင်္သာတမြင့်ငွေ၊ ဦးတင်ဦးလေး၊ မြန်မာပြည်သိန်းတန်နှင့် ဥက္ကဋ္ဌအဖြစ် အဆိုတော် ကိုင်ဇာတို့ကို ခန့်အပ်ထားကြောင်း ပါရှိပါတယ်။
You may also like these stories:
ဟင်္သာတမြင့်ငွေ ဂီတအစည်းအရုံးတွင် နာယကအဖြစ် ထမ်းဆောင်မည် မဟုတ်
မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) မှ မနော၊ ညီမင်းခိုင်နဲ့ ဝေကြီးတို့ နုတ်ထွက်