လူကြမ်းသရုပ်ဆောင် ဦးဘဂျမ်းဟာ လာမယ့် ဇွန်လ ၆ ရက်နေ့မှာ မျက်လုံး ခွဲစိတ်ဖို့ရှိပြီး၊ မျက်လုံး တဖက် တိမ်ဖုံးနေတာကြောင့် ယခုလို ကျပ်တည်းနေတဲ့ ကာလမှာ ငွေကြေး အခက်အခဲ ဖြစ်နေတဲ့ သူ့အတွက် သရုပ်ဆောင် မေနွယ်ထွန်း ဦးဆောင်ကာ ကူညီ လှူဒါန်းပေးနေတယ်လို့ သိရပါတယ်။
“ဒီဦးလေးကို တော်တော်များများကတော့ သိကြမယ်လို့ ထင်ပါတယ်ရှင်။ သူက အနုပညာ လောကမှာ လူကြမ်း မင်းသားကြီးအဖြစ် ရပ်တည်ခဲ့တာ ကြာပါပြီ။ မနေ့က ဆွိကို ဦးဆွေကနေတဆင့် အကူအညီ တောင်းလာပါတယ်။ ဦးဆွေက ကြားကကူညီပြီး ပြောပေးတာပါ”
“ဦးဘဂျမ်း မျက်လုံးတဖက်က တိမ်ဖုံးပြီး မမြင်ရတော့ပါဘူး။ မျက်စဉ်းဆေးဖိုး မတတ်နိုင်တော့ မျက်စဉ်းဆေးဖိုးလေးပဲ လှူဖို့ သူ အကူအညီတောင်းရှာတာပါ။ ဆွိကတော့ ဒီအချိန်မှာ အနုပညာသမားတွေလည်း အလုပ်တွေလုပ်လို့ မရတော့ မျက်စဉ်းဖိုးအပြင် စားဝတ်နေရေးအတွက်ပါ ဆွိ ရှာထားတဲ့ ပိုက်ဆံထဲက လှူလိုက်ပါတယ်ရှင်”လို့ မေနွယ်ထွန်းက ပြောပါတယ်။
ဆက်လက်ပြီး မေနွယ်ထွန်းက သူ့ရဲ့ လူမှုကွန်ရက် အကောင့်ထဲမှာ ရှိကြတဲ့ အနုပညာ မောင်နှမများနဲ့ ပရိသတ်များ လှူဒါန်းပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
“ဆွိ အကောင့်ထဲမှာရှိတဲ့ ချစ်ခင်ရသော အနုပညာ ညီအစ်ကို မောင်နှမများလည်း ဦးဘဂျမ်းအတွက် အလှူငွေလေး ထည့်ဝင်ချင်ရင် တထောင်ကစပြီး အနည်းအများ မဟုတ်ပါဘူးရှင်။ ပါဝင်လှူဒါန်းပေးကြပါဦးနော်။ မေတ္တာရပ်ခံပါရစေရှင်”လို့ မေနွယ်ထွန်းက ဆိုပါတယ်။
အလှူခံပြီး မကြာခင်မှာပဲ ဦးဘဂျမ်းအား ချစ်ခင်ကြတဲ့ ပရိသတ်တွေနဲ့ အနုပညာရှင်တွေက ဝိုင်းဝန်း လှူဒါန်းခဲ့ကြတာကြောင့် စုစုပေါင်း အလှူငွေ ၁၂ သိန်း ရခဲ့တယ်လို့ သိရပါတယ်။
“ဦးလေးရေ ဦးလေးကို ချစ်တဲ့ ပရိတ်သတ်တွေ အနုပညာရှင်တွေက အလှူငွေ ထည့်ကြတာနော်။ တကယ် ဝမ်းသာပါတယ်ရှင်။ လှူဒါန်းပေးကြတဲ့ တဦးချင်းစီကိုလည်း ဦးဘဂျမ်း ကိုယ်စား တကယ် ကျေးဇူးတင်ပါတယ်နော်။ သူ ၆ ရက်နေ့ဆို ဆေးရုံတက်ပြီး မျက်လုံးခွဲရမှာပါ။ အလှူငွေ ၁၂ သိန်းပါရှင်”လို့ မေနွယ်ထွန်းက ပြောထားပါတယ်။
You may also like these story:
“ဝေဖန်ခံရပေမယ့် ခံစားမနေတော့ပါဘူး”လို့ လူကြမ်း ဦးဘဂျမ်း ပြော