ဖေဖော်ဝါရီလ အစကတည်းက စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့ပြီး ပြည်သူနဲ့ တသားတည်း ရပ်တည် ဆန္ဒဖော်ထုတ်ခဲ့တဲ့ ဒါရိုက်တာ သည်ခေတ်နေက စစ်တပ် လက်အောက်ခံ ဖြစ်နေသရွေ့ ဘာအနုပညာ ဖန်တီးမှုမှ ပြုလုပ်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
“စစ်တပ် လက်အောက်ခံ ဖန်တီးမှုမှာ ကျနော် မပါပါ။ စစ်တပ်နိုင်ငံ ရုပ်ရှင်အစည်းအရုံးအောက်မှာ အလွန်ဆုံး ဖန်တီးခွင့်ရရင် “အဖေနဲ့သားများ” ပေါ့ဗျာ။ အဖေနဲ့ သားများပဲ လုပ်ချင်လုပ်၊ ကျနော်ကတော့ ဒင်းတို့လက်အောက် ရောက်နေသမျှ ဘာရုပ်ရှင်၊ ဘာဇာတ်လမ်းတွဲ၊ ဘာဖန်တီးမှုမှ ထပ်လုပ်ဖြစ်မှာ မဟုတ်ဘူး”လို့ ဒါရိုက်တာ သည်ခေတ်နေက ဆိုပါတယ်။
ကိုဗစ်ကာလကတည်းက ရိုက်ကူးလက်စ ဇာတ်လမ်းတွဲ ရှိပေမယ့် အဲဒီ ဇာတ်လမ်းတွဲအတွက် သက်ဆိုင်ရာ ထုတ်လုပ်သူနဲ့ စကားပြောသွားမယ်လို့ သည်ခေတ်နေက ဆိုပါတယ်။
“MRTV-4 မှာ ကိုဗစ်စကတည်းက နားထားရတဲ့ ရိုက်ကူးလက်စ “ဧဒင် Challenge” ဇာတ်လမ်းတွဲအတွက်တော့ အားနာပါတယ်။ ၁၀ ရာခိုင်နှုန်းလောက် ဆက်လက် ရိုက်ကူးဖို့ ကျန်ရှိနေပြီး ကျနော် တော်တော် မျှော်လင့်ထားတဲ့ ကျနော့်ရဲ့တတိယမြောက် ဖြစ်လာမယ့် ဇာတ်လမ်းတွဲလေးပါ။ သက်ဆိုင်ရာ ထုတ်လုပ်သူတွေနဲ့လည်း စကားပြောသွားပါ့မယ်”လို့ သည်ခေတ်နေက ပြောပါတယ်။
ဒီလိုဖြစ်လာမယ်လို့ ကြိုတင် မခန့်မှန်းခဲ့ပေမယ့် အာဏာသိမ်းစကတည်းက မယုံကြည်တော့တဲ့ ရုပ်ရှင် အစည်းအရုံးကနေ ကြိုထွက်ခဲ့တယ်လို့လည်း သည်ခေတ်နေက ဆိုပါတယ်။
“ကိုကျားပေါက် ပြောသလို အားလုံးကို ထားခဲ့ရတာ ကျနော် ပိုထိခိုက်ရပါတယ်။ တနေ့ ဒီလိုဖြစ်လာနိုင်တယ်လို့ ကြိုတင် မခန့်မှန်းခဲ့ပေမယ့် အာဏာသိမ်းစတည်းက မယုံကြည်တော့တဲ့ အစည်းအရုံးဝင်အဖြစ်က ကြိုထွက်ထားခဲ့ပါတယ်။ အဓိက ပြောချင်တာကတော့ စကစ လက်အောက်မှာ ဘာရိုက်ကူး ဖန်တီးမှုမှ မလုပ်တော့ဘူး ဆိုတာပါပဲ”လို့ ဒါရိုက်တာ သည်ခေတ်နေက ပြောထားပါတယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအသစ်နေရာကို သရုပ်ဆောင် ခန့်စည်သူအား ခန့်အပ်ထားပြီး၊ ဥက္ကဋ္ဌအသစ် တက်လာပြီးနောက် မင်းမော်ကွန်း၊ ဒါရိုက်တာ ကိုပေါက်၊ ဒါရိုက်တာ စတီးလ်တို့ အပါအဝင် အနုပညာရှင်အချို့ ရုပ်ရှင်အစည်းအရုံးကနေ နုတ်ထွက်ထားကြပါတယ်။
You may also like these stories:
ကျုံပျော်မြို့နယ် လှေဆွဲရွာ ဖြစ်စဉ်တွင် ဒေသခံ ၃ ဦး ကျည်ထိမှန် သေဆုံး
အဆိုတော် ကိုင်ဇာ ကျန်းမာရေးကြောင့် ဥက္ကဋ္ဌတာဝန် ထမ်းဆောင်မည် မဟုတ်
မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) မှ မနော၊ ညီမင်းခိုင်နဲ့ ဝေကြီးတို့ နုတ်ထွက်