စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် တော်လှန်ရေးနယ်မြေမှာ စစ်သင်တန်း တက်နေတဲ့ အလှမယ် ထားထက်ထက်က ဒီရက်ပိုင်းမှာ သူ့ကို ရည်ရွယ်ချက်ရှိရှိ သတင်းအမှားတွေ ဖြန့်ပြီး ဂုဏ်သိက္ခာကျအောင် တိုက်ခိုက်ခံနေရတဲ့အပေါ် အခုလိုပဲ ပြန်ဖြေရှင်းခဲ့ပါတယ်။
“ကျမ ထားထက်ထက် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ လုံခြုံစွာ ရှိနေပါတယ်ရှင်။ ကျမရဲ့ သတင်းတခုခု တက်လာတဲ့အခါတိုင်း တဖက်က ရည်ရွယ်ချက်ရှိရှိနဲ့ သတင်းအမှားဖြန့်ပြီး ကျမရဲ့ သိက္ခာနဲ့ အများရဲ့သိက္ခာကို တိုက်ခိုက်နေကြတာ မြင်တွေ့ရပါတယ်”
“ကျမရဲ့ နိုင်ငံတကာက အင်တာဗျူးထဲမှ ပုံအချို့ကို Screenshot ရိုက်၊ English လို ဗီဒီယိုနဲ့ ဖြေထားတာကို နားမလည်၊ ကိုယ်နဲ့ ခိုင်းနှိုင်းပြီး ရိုင်းစိုင်းစွာ သတင်းပုံဖျက် တိုက်ခိုက်မှုတွေကို ဒီရက်ပိုင်းတွေမှာ တော်တော်များများ တွေ့လာရတဲ့အခါ စိတ်ဓာတ် အလွန်ယုတ်ညံ့တဲ့ လူတွေနဲ့ ကျမတို့တွေ ရင်ဆိုင်နေရပါလားလို့ ပိုပြီး သတိထားမိပါတယ်ရှင်”လို့ ထားထက်ထက်က ဆိုပါတယ်။
တိုင်းရင်းသားတွေရဲ့ ရိုးဖြောင့်မှု၊ သစ္စာရှိမှုတွေကို ပုံဖျက်ဖို့ ကြိုးစားနေတာ ရပ်တန့်သင့်ပြီလို့ ထားထက်ထက်က ဆိုပါတယ်။
“တိုင်းရင်းသားတွေရဲ့ ရိုးဖြောင့်မှု၊ သစ္စာရှိမှု၊ မိသားစုစိတ် ရှိမှုတွေကို ပုံဖျက်ဖို့ ကြိုးစားနေတာကို ရပ်တန့်ဖို့ သင့်ပြီလို့ ထင်ပါတယ်။ ကျမ ဒီဒေသမှာ နေထိုင်လာခဲ့တာ လအတော်ကြာလာတဲ့ အချိန်အထိ စော်ကားခံရဖို့ မဆိုထားနဲ့။ ထိကပါး ရိကပါး ပြောဆိုခံရမှုတောင် မရှိပါဘူးရှင်”
“တချို့ဆို ကျမ အစ်ကိုကြီးအရွယ်၊ တချို့ဆို ကျမရဲ့မောင်ငယ်တွေ အရွယ်တွေပါ။ သူတို့အားလုံးရဲ့ ဖြူစင်တဲ့ မေတ္တာစစ်စစ်ကို ခံစားရပါတယ်ရှင်။ သူတို့မှာ တင်းကျပ်တဲ့ စစ်စည်းကမ်းတွေ ရှိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သူတို့မှာ သူတို့ရဲ့ အမျိုးဂုဏ်ကို ထိန်းသိမ်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်”
“သူတို့ဟာ လူယောက်ျားတယောက်ရဲ့ ကိုယ်ကျင့်သိက္ခာကို ထိန်းသိမ်းကြတာလည်း ဖြစ်နိုင်ပါတယ်။ သေချာတာကတော့ တဖက်က ကိုယ့်စိတ်နဲ့ နှိုင်းပြီး သတင်းမှား ဖော်ပြနေကြတဲ့ လူတွေပြောသလို မဟုတ်ကြတာတော့ အမှန်ပါပဲရှင်”လို့ ထားထက်ထက်က ဆိုပါတယ်။
ယုံကြည်မှုနဲ့ တော်လှန်ရေးလမ်းကို လျှောက်ခဲ့တဲ့အတွက် တောစောင့်နတ်၊ တောင်စောင့်နတ်များကို သက်သေထားပြီး ထားထက်ထက်က သစ္စာဆိုခဲ့ပါတယ်။
“ကျမသည် အမှန်တရားအပေါ် မြတ်နိုးမှု ရှိလို့ ကျမ ယုံကြည်မှုနဲ့ တော်လှန်ရေးလမ်းကို လျှောက်ခဲ့ပါတယ်။ ယနေ့အထိ ကျမအပေါ် စခန်းမှ တိုင်းရင်းသား ရဲဘော်ရဲဘက်များသည် နှုတ်အားဖြင့်တောင် အိန္ဒြေပျက်အောင် စနောက်ခဲ့ခြင်းများ မရှိခဲ့သည်ကို တောစောင့်နတ်၊ တောင်စောင့်နတ်များ သက်သေထား၍ ကျမ သစ္စာ ဆိုပါတယ်ရှင်”
“ကျမနှင့် တိုင်းရင်းသား ရဲဘော် ရဲဘက်များ၏ ဖြူစင်သော ညီအစ်ကို မောင်နှမ စိတ် သစ္စာမှန်ကန်ပါက ဤတော ဤတောင် ဤရေမြေတွင် ကျမတို့အား စွပ်စွဲသိက္ခာချသူ အပေါင်းတို့ စစ်ရှုံးပါစေသား။ တောစောင့် တောင်စောင့်နတ် အပေါင်းတို့၏ ပြစ်ဒဏ်ခတ်မှုကြောင့် ဤမြေ ဤရေ ဤတောတောင်တို့တွင် မမှန်မကန် စွပ်စွဲ သိက္ခာချခဲ့သည့် တပ်ဖွဲ့ဝင်များ အားလုံး ဘေးဆိုး အမျိုးမျိုး သင့်ပါစေသား”လို့ ထားထက်ထက်က ပြောထားပါတယ်။
You may also like these stories:
စစ်သင်တန်းအတွက် လှူဒါန်းပေးကြဖို့ ထားထက်ထက် တိုက်တွန်း
အကြောက်တရားတွေ ဖိနှိပ်မှုတွေနဲ့ မရှင်သန်လိုဘူးဆိုတဲ့ ထားထက်ထက်နဲ့ မေးမြန်းခြင်း
တော်လှန်ရေးထဲ ပါဝင်လာသူတွေကို လေးစားကြိုဆိုတဲ့ ထားထက်ထက်