“ဖလက်ရှ် (Flash)” ဇာတ်ကားမှာ သရုပ်ဆောင် ရဲတိုက် ဝတ်ဆင်ခဲ့တဲ့ ကုတ်အင်္ကျီကို GARUDA Entretainment Page ကနေ လေလံတင် ရောင်းချနေပြီး၊ ရောင်းရငွေကို ရဲတိုက်အတွက် လိုအပ်တဲ့နေရာတွေမှာ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
“အခုတခါ လေလံတင် ရောင်းချမယ့် ကုတ်အင်္ကျီလေးကို ရဲတိုက်ရဲ့ “ဖလက်ရှ် (Flash)” ဇာတ်ကားကို နှစ်သက် အားပေးခဲ့တဲ့သူတွေ မှတ်မိကြမယ် ထင်ပါတယ်။ ဇာတ်ဝင်ခန်း အတော်များများမှာ သူဝတ်ဆင်ခဲ့တာပါ”
“”ဖလက်ရှ်” ဇာတ်ကားနဲ့ ရဲတိုက်ကို စသိခဲ့ နှစ်သက်ခဲ့တဲ့ ပရိတ်သတ်တွေလည်း ရှိမယ်လို့ ယုံကြည်တာကြောင့် ဒီကုတ်အင်္ကျီလေးကို လေလံတင် ရောင်းချဖို့ ခွင့်ပြုချက် တောင်းခဲ့ပါတယ်”လို့ GARUDA Entretainment Page မှာ ကြေညာထားပါတယ်။
လေလံ ကြမ်းခင်းဈေးကိုတော့ မသတ်မှတ်ထားဘဲ ဇွန်လ ၂၁ ရက်နေ့၊ ညနေ ၆ နာရီမှာ လေလံ ပိတ်သိမ်းသွားမယ်လို့ သိရပါတယ်။
“လေလံ ကြမ်းခင်းဈေးကို မသတ်မှတ်ထားပါဘူး။ ဇွန်လ ၂၁ ရက်နေ့ ညနေ ၆ နာရီမှာ လေလံ ပိတ်သိမ်းမှာဖြစ်ပြီး ရရှိလာတဲ့ ငွေကို ရဲတိုက်အတွက် လိုအပ်တဲ့ နေရာတွေမှာ သုံးဖို့အတွက် သူ့ရဲ့အုပ်ထိန်းသူထံ ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ Mobile banking, wave pay, Kpay, CB pay, OK$ တို့နဲ့လည်း ပေးချေလို့ ရပါတယ်”လို့ ဆိုပါတယ်။
အဆိုပါ လေလံတင် ရောင်းချမှုက အကျိုးအမြတ်အတွက် မဟုတ်ဘဲ အင်းစိန်ထောင်မှာ ရောက်ရှိနေတဲ့ ရဲတိုက်အား ကူညီ ထောက်ပံ့ပေးလိုမှုကြောင့် သိရပါတယ်။
“GARUDA Entertainment Page Contact ကနေတဆင့် ဆက်သွယ် ဝယ်ယူနိူင်ပါတယ်။ ခက်ခဲတဲ့အချိန်မှာ ချစ်ခင်တန်ဖိုးထားပြီး အားပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်”လို့ GARUDA Entertainment Page က ဆိုထားပါတယ်။
ပြီးခဲ့တဲ့လအတွင်းကလည်း “၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ စည်းရုံးရေး” ခရီးစဉ်ကာလအတွင်း ရဲတိုက် ဝတ်ဆင်ခဲ့တဲ့ ရှမ်းအင်္ကျီကို လေလံဈေး ၃ သိန်းကျပ်ဖြင့် ရောင်းချနိုင်ခဲ့ပြီး၊ ရရှိလာတဲ့ငွေကို ရဲတိုက်ရဲ့ အုပ်ထိန်းသူ ဖခင်ထံ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ရဲတိုက်အား အင်းစိန်အကျဉ်းထောင် သီးသန့်ဆောင်တွင် ထားရှိထားပြီး ကျန်းမာရေး ကောင်းမွန် လျက်ရှိကြောင်း သိရပါတယ်။
သရုပ်ဆောင် ရဲတိုက်ကိုတော့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇဝတ်ပုဒ်မ ၅၀၅ (က) ဖြင့် လသာမြို့နယ် တရားရုံးနှင့် မူးယစ် စေတတ်သော ဆေးဝါးများ ဥပဒေပုဒ်မ ၁၆ (ဂ) ဖြင့် မရမ်းကုန်းမြို့နယ် တရားရုံးတို့မှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။