အိပ်မက်ဆုံရာကနေ ပရိသတ် အားပေးမှု ရရှိခဲ့တဲ့ အဆိုတော် Leo (လီယို) က လွန်ခဲ့တဲ့ နှစ် ၃၀ ကသာ ရန်ကုန်မှာ မဟုတ်ဘဲ စစ်ဖြစ်ရာဒေသ တခုခုမှာ မွေးခဲ့ရင် သူ့စိတ်ထဲမှာလည်း နာကျင်မှုတွေ ရှိနေမှာပါလို့ ဆိုပါတယ်။
“လွန်ခဲ့တဲ့ နှစ် ၃၀ တုန်းကသာ ရန်ကုန်မှာ မဟုတ်ဘဲ စစ်ဖြစ်ရာဒေသ တခုခုမှာ ကျနော် မွေးခဲ့ရင် ကျနော့် စိတ်ထဲမှာလည်း နာကျင်မူတွေ ရှိနေမှာပါ။ တခြားသူက ဘယ်လိုပဲ ကိုယ်ချင်းစာပါတယ်ပြောပြောပေါ့။ အကြောင်းကံ တခုခုကြောင့် နေရာ မတူဘဲ မွေးဖွားရှင်သန်ရပေမယ့် ဒဏ်ရာ အတိမ်အနက် မတူဘဲ ကြီးပြင်းလာရပေမယ့် ဒီနေ့ ဖြစ်ပျက်နေသမျှဟာ ကျနော်တို့ရဲ့ အကျိုး တခုခုအတွက် ကျနော်တို့ရဲ့ အနာဂတ်ကို အတူတကွ ဖော်ဆောင်ရမယ့် အခွင့်အရေး ဖြစ်လာတာပါ”လို့ Leo က ပြောပါတယ်။
အတိတ်ကံကြောင့် ပစ္စုပ္ပန်မှာ ကွဲပြားမှုတွေ ရှိနေပေမယ့် ယခု ပစ္စုပ္ပန်ကနေ လှပတဲ့ အနာဂတ်ကို အတူတကွ ရွေးချယ်ကြရင် အောင်ပွဲဖြစ်မှာပါလို့ Leo က ဆိုပါတယ်။

“အတိတ်ဘဝ ကံကြောင့် ပစ္စုပ္ပန်မှာ ကွဲပြားမှုတွေ ရှိပေမယ့် ဒီ ပစ္စုပ္ပန်ကနေစပြီး လှပတဲ့ အနာဂတ်ကို ကျနော်တို့ ရွေးချယ်လို့ ရပါတယ်။ အတူတကွပေါ့။ အကြောင်းကံကြောင့် ရလာတဲ့ အတိတ်ကို နာကျည်းလို့ နေ့သစ်တိုင်း၊ နေ့ရက်တိုင်းမှာ အဲဒီ အတိတ်ကိုပဲ ထပ်တလဲလဲ ရွေးချယ်လိုက်တာမျိုးထက် ကောင်းမွန်တဲ့ အတိတ်တွေကိုသာ အနာဂတ်အတွက် အတူတကွ ရွေးချယ်ကြရင် အရာရာဟာ အောင်ပွဲဖြစ်နေမှာပါ”လို့ Leo က ပြောပါတယ်။
အတိတ်ရဲ့ ဆိုးညစ်ခြင်းတွေကို တိုင်းရင်းသားတွေက စည်းလုံးမှုနဲ့အတူ တယောက်နဲ့ တယောက် နားလည်မှုတွေ ပေးပြီး ရင်ဆိုင် ကျော်ဖြတ်ပေးကြပါလို့ Leo က ဆိုပါတယ်။

“ကျနော်တို့ တိုင်းရင်းသား အားလုံးဟာ ဒီရေ၊ ဒီလေ၊ ဒီမြေမှာပဲ ရှင်သန်ပြီး ဒီနေရာမှာပဲ အတူတူ အဆုံးသတ်ကြရမှာပါ။ အတိတ်ရဲ့ ဆိုးညစ်ခြင်းတွေကို စည်းလုံးမှုနဲ့အတူ တယောက်နဲ့ တယောက် ချစ်ခြင်းမေတ္တာတွေ၊ နားလည်မှုတွေ ပေးပြီး ရင်ဆိုင် ကျော်ဖြတ်ပေးကြပါလို့ တောင်းဆိုပါတယ်။ အိမ်တအိမ်မှာ မိသားစုဝင်တယောက် မရှိတော့ရင် မပြည့်စုံသလို နွေးထွေးမှုလည်း မရှိတော့ပါဘူး”
“တယောက်တည်း အိမ်ကနေ ထွက်သွားမယ့်အစား အိမ်မှာအတူတူ နေထိုင်ဖို့အတွက် တွန်းထုတ်သင့်တာတွန်းထုတ်၊ ဖယ်သင့်တာဖယ်ပြီး ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့ သူများတွေ အားကျ လေးစားရတဲ့ မိသားစုလေးတခုကို အတူတကွ တည်ဆောက်ကြရအောင်ဗျာ”လို့ Leo က ပြောထားပါတယ်။
အဆိုတော် Leo ကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် သူတတ်နိုင်တဲ့ဘက်ကနေ လူမှုကွန်ရက်မှာ Speak Out လုပ်ပေးနေတဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။
You may also like these story:
အစ်ကိုတယောက် အနေနဲ့ ညီငယ်အတွက် စိတ်မကောင်းဖြစ်နေတဲ့ Leo