Entertainment

ဒလန်လို့ နာမည်တပ် စွပ်စွဲခံရတဲ့အပေါ် ထူးအယ်လင်း ပြန်ဖြေရှင်း

Want create site? Find Free WordPress Themes and plugins.

အဆိုတော် ထူးအယ်လင်း ဦးဆောင်ကာ ချင်းပြည်နယ်ရှိ စစ်ဘေးရှောင် ပြည်သူများအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာများနဲ့ ဆေးဝါးများ သွားရောက် လှူဒါန်းနေတဲ့အပေါ် ထူးအယ်လင်းအား ဒလန်လို့ နာမည်တပ် စွပ်စွဲခံရတာနဲ့ ပတ်သက်ပြီး အခုလိုပဲ ပြန်ဖြေရှင်းထားပါတယ်။

“ကျနော် စစ်ဘေးရှောင်တွေအတွက် လှုဖို့ ဆန်အိတ် ၁၀၀၊ တအိတ်ကို ၅၅ ပိဿာရှိပြီး လူအယောက် ၁၀၀ ကို တလစာ စားသုံးနိုင်တဲ့ အကောင်းစား မျှင်ငပိအိတ် ၂၅ လုံး၊ ငါးသေတ္တာဗူး အလုံး ၃၅၀၊ ၅၀၀ ခန့်။ ခေါင်းကိုက် ဖျားနာ အကိုက်အခဲ ထိခိုက်ရှနာအတွက် အိမ်သုံးဆေးဝါး လူ ၇၀၀ စာ”

“ဝမ်းလျှော ဝမ်းပျက်အတွက် ဆေးနှင့် ဓာတ်ဆား၊ လူကြီးနှင့် ကလေးငယ်တွေအတွက် လူအယောက် ၃၀၀ စာ၊ ပုဇွန်ခြောက် ငံပြာရည်ချက် ၁၀ ပုံး (တပုံးကို လူ ၁၅၀ စားသုံးနိုင်တယ်) ဒါတွေကို ကျနော်တို့ စစ်ဘေးရှောင်တွေအတွက် လှူဖို့ ခဲရာခဲစစ် ကျနော် အလှူခံ စုစည်းထားရတယ်”လို့ ထူးအယ်လင်းက ပြောပါတယ်။

ခရီးသွားရာ လမ်းမှာ စစ်ဆေးရေး ဂိတ်တွေ စစ်ဆေးရာမှာ စိတ်အရှည်ဆုံးထားကာ လှူဒါန်း ကူညီဖို့သွားတာဖြစ်ကြောင်း အမှန်အတိုင်း ပြောတယ်လို့ ထူးအယ်လင်းက ဆိုပါတယ်။

အဆိုတော် ထူးအယ်လင်းတို့အဖွဲ့

“ခရီးမှာ သယ်ယူသွားတော့လည်း ကျနော် သွားလှူ ကူညီဖို့အတွက် ယူလာတာပါ ပြောတော့လည်း အကြီးကြီး အစစ်အဆေးခံရတယ်။ စိတ်ကို အအေးချမ်းဆုံးထား၊ စိတ်အရှည်ဆုံးထား ငါ သည်းခံတာ ငါ့အတွက် မဟုတ်ဘူး၊ ဒုက္ခ အကျပ်အတည်း ဖြစ်နေသူတွေအတွက်။ ဒီလို စိတ်ကို ထားတတ် နေတတ်နိုင်ပြီးမှ အကူအညီလိုသူတွေဆီ ရောက်တယ်”

“ကြိုက်သလိုစစ်၊ အမှန်အတိုင်းပြောတယ်။ လှူဖို့ပစ္စည်းတွေပါလို့။ ဘယ်ကလာတယ် ဘယ်ကို သွားလှုမယ် ပေါ်တင် ပြောသွားတယ်။ စစ်ဆေးရေးဂိတ်က အဲဒီကို သွားလို့ မရဘူးဆိုရင် မသွားဘူး။ ရောက်နိုင်သလောက် သွားပြီး ရအောင် လှူတယ်။ ထင်သလောက် မလွယ်ပါဘူး။ တကယ်တမ်း လက်တွေ့မှာ”

“ပြောချင်တာက ကိုယ်တွေမှာ လူလိုတွေးပြီး လူလို ကိုယ်ချင်းစာလို့ လူလို ကူညီတာ။ ဒါကို လူတွေပဲ သိမယ်။ ငါ မပင်ပန်းဘူး။ ငါ မညည်းတတ်ဘူး။ ငါ့ကူညီခြင်း မင်္ဂလာကို မီးတော့ မရှို့ပါနဲ့။ ငါ ချီးမွမ်းခံချင်လို့ လုပ်နေတာ မဟုတ်သလို ပရဟိတ ရေစီးထဲ မျောလိုက်နေတဲ့ ကောင်လည်း မဟုတ်ပါဘူး။ ငါ့ အတ္တကို သဒ္ဓါဘက်ပြောင်း စိတ် စေတနာထည့်ပြီး ငါ့ ခန္ဓာကို မောင်းနှင်နေတာပါ”လို့ ထူးအယ်လင်းက ဆိုပါတယ်။

ထူးအယ်လင်းဆိုတဲ့ နာမည်ကြောင့် အားပေး ချစ်ခင်သူတိုင်းကို ဓာတ်ပုံ အရိုက်ခံပြီး၊ “မကူညီချင်နေပါ၊ မနှောင့်ယှက်ပါနဲ့”လို့ ထူးအယ်လင်းက ဆိုပါတယ်။

အဆိုတော် ထူးအယ်လင်း

“ငါ့မှာ ထူးအယ်လင်းဆိုတဲ့ အမည်ကြောင့် ငါ့ကို အားပေးချစ်ခင်တဲ့ လူတိုင်းကို ဓာတ်ပုံ အရိုက်ခံတယ်။ လူတိုင်း (လူတိုင်းဆိုတာ အလွှာစုံကို ဆိုလိုပါတယ်) ဆိုတော့ ထူးအယ်လင်းဆိုတာ တော်တော်များများသိကြပါတယ်။ ဒါကြောင့် နေရာအနှံ့ သွားလို့ အဆင်ပြေတယ်။ ငါသာ မမှန်ခဲ့ရင် မည်သူမဆို ငါ့ကိုဘယ်နေရာမှာမှ လက်ခံမှာ မဟုတ်ဘူး။ ဒါပါပဲ”

“မကူညီချင်နေပါ။ မနှောင့်ယှက်ပါနဲ့။ ငါ အရှေ့မှာ ရေးပြထားတဲ့ ရိက္ခာပစ္စည်းတွေကို နောက်တခေါက် သွားကူဖို့ ကြိုထပ်စုထားတာပါ။ မိတ်ဆွေ မင်း အားနေရင် ငါနဲ့ လိုက်ခဲ့ပါ။ ငါတို့ ဘယ်လို သွားရ ပြောဆိုရ နှိမ့်ချရသလဲဆိုတာ မင်း သိလာမယ်။ စစ်ဘေးရှောင်တွေကို ဒုက္ခရောက်စေချင်လို့ များလား ငါ့ အမည်တပ် စွပ်စွဲတဲ့ ဒလန်တွေရယ်”လို့ ထူးအယ်လင်းက ပြောထားပါတယ်။

အဆိုတော် ထူးအယ်လင်းကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ စစ်ဘေးရှောင် စခန်းများသို့ လိုအပ်နေတဲ့ စားနပ်ရိက္ခာများ သွားရောက် လှူဒါန်းခဲ့ပြီး နောက်တခေါက် ထပ်မံ သွားရောက် လှူဒါန်းဦးမယ်လို့ ဆိုပါတယ်။

You may also like these stories:

မင်းတပ်မြို့ကို နောက်တခေါက် ထပ်မံ သွားလှူမယ့် ထူးအယ်လင်း

“အစ်မဖြစ်သူအတွက် သတိရတိုင်း ကုသိုလ် လုပ်ပေးမယ်”လို့ ထူးအယ်လင်း ဆို

ကျိုက်ထီးရိုးရှိ ချို့တဲ့အထမ်းသမား မိသားစု ၉၀၀ ကျော်ကို သွားလှူမယ့် ထူးအယ်လင်း

Did you find apk for android? You can find new Free Android Games and apps.
Loading