လက်ရှိ အမေရိကန်နိုင်ငံမှာ နေထိုင်နေတဲ့ အဆိုတော် ဆောင်းဦးလှိုင်က မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင် တော်လှန်ရေးဟာ မကြာခင် နောက်တဆင့် တက်လှမ်းတော့မှာ ဖြစ်ပြီး အမှန်တရားကို ချစ်မြတ်နိုးတဲ့ အရာရှိတွေ အချိန်မနှောင်းခင် ပြည်သူလူထုနဲ့အတူ ရပ်တည်ကြပါလို့ တိုက်တွန်းထားပါတယ်။
“တော်လှန်ရေးက နောက်တဆင့်ကို တက်လှမ်းတော့မှာ ဖြစ်ပါတယ်။ ဒါဟာ စစ်အာဏာရှင်တွေရဲ့ ရိုင်းစိုင်း ယုတ်မာမှုတွေကြောင့် ဖြစ်လာရတဲ့ အကျိုးဆက်တွေပါပဲ။ အဲ့တော့ ဒီစစ်မိစ္ဆာ၊ စစ်အာဏာရှင်တွေကို သိစေချင်တာက ဘယ်အာဏာရှင်စနစ်မှ အကြာကြီး မတည်မြဲပါဘူး”
“ခင်ဗျားတို့ထက် ပိုပြီးတော့ သြဇာအာဏာ ကြီးခဲ့ကြတဲ့ သက်ဦးဆံပိုင် ဘုရင်တွေ၊ ဧကရာဇ်တွေတောင် တိုင်းသူပြည်သားတွေ အလိုမရှိတော့တဲ့ တနေ့မှာ ပြိုကျပျက်စီး အာဏာရှင် ဆုံးရှုံးခဲ့ရတဲ့ လူ့သမိုင်းမှာ အမြောက်အမြား သင်ခန်းစာ ယူစရာတွေ ရှိပါတယ်။ သူတို့ဟာ ပြည်သူလူထု သဘောမကျတဲ့ တနေ့မှာ တွန်းလှန်ခြင်းခံရပြီး အာဏာကို စွန့်လွှတ်ခဲ့ရတယ်”လို့ ဆောင်းဦးလှိုင်က ပြောပါတယ်။
အာဏာရှင်စနစ်မှာ လူတစုပဲ ကြီးပွားချမ်းသာ တိုးတက်ပြီး တိုင်းသူ ပြည်သားတွေကတော့ ဆင်းရဲသထက် ဆင်းရဲတွင်းနက်လာတယ်လို့ ဆိုပါတယ်။
“အာဏာရှင်စနစ်မှာ ခင်ဗျားတို့ သတိမထားမိတဲ့ အချက်က ခင်ဗျားတို့ တစုပဲ ကြီးပွားချမ်းသာ တိုးတက်ပြီးတော့ တိုင်းသူပြည်သူတွေကတော့ ဆင်းရဲသထက် ဆင်းရဲတွင်းနက်လာတယ်။ ဒါတွေက ခင်ဗျားတို့အတွက် အင်မတန် အန္တရာယ်ကြီးတယ်ဆိုတာ ခင်ဗျားတို့ သတိမပြုခဲ့ကြဘူး”
“၈၈ နဲ့ မတူပါဘူး။ ၈၈ နဲ့ ၈၈ မတိုင်ခင် နောက်ပိုင်းမှာ မြန်မာတွေဟာ စားနိုင်သောက်နိုင်တဲ့ အနေအထား အတော်လေးမှာ ယနေ့နဲ့ နှိုင်းစာရင် ရှိခဲ့ကြပါတယ်။ ခင်ဗျားတို့နဲ့ ထိပ်တိုက် မတွေ့ချင်တဲ့ ပြည်သူလူထုဟာ နိုင်ငံရေးနဲ့ ကင်းကွာခဲ့ကြပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ အာဏာရှင်တွေက မတော်လောဘ တက်မှုတွေ၊ အဂတိ လိုက်စားမှုတွေ ကြီးလွန်းတာကြောင့် ပြည်သူလူထုဟာ အနာဂတ် ပျောက်ဆုံးခဲ့ကြပါပြီ”
“မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားခဲ့ပါပြီ။ အလွန်အမင်း ဆင်းရဲပြီးတော့ ဘဝတွေဆိုတာ မရှိတော့ဘူး။ ဘဝတွေ၊ မျှော်လင့်ချက်တွေ မရှိတော့ သူတို့က ဘာကို ကြောက်တော့မှာလဲ။ ဒါကြောင့်မို့ ၂၀၂၁၊ ဖေဖော်ဝါရီကစလို့ နွေဦးတော်လှန်ရေးဟာ အင်မတန် ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။ အဲ့တော့ သေချာတာက ပြည်သူလူထုဟာ ဒီလောက် မကြောက်တော့ပါဘူး”လို့ ဆောင်းဦးလှိုင်က ပြောပါတယ်။
ပြည်သူလူထုက စစ်အာဏာရှင်စနစ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေကြတဲ့အတွက် တိုင်းပြည် အခြေအနေမှန်ကို သိတဲ့ အရာရှိတွေက ပြည်သူနဲ့အတူ ပူးပေါင်းပေးကြပါလို့ ဆိုပါတယ်။
“ခင်ဗျားတို့ အနေနဲ့ နောင်တရသင့်ပါပြီ။ ပြည်သူလူထုရဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုတွေကို ခံနေကြရတာ၊ ပြင်းပြင်းထန်ထန် မုန်တီးရွံရှာ၊ နာကျည်းမှုတွေကို ခံနေရတာ ကောင်းတာ မဟုတ်ဘူး”
“ဒါကြောင့် ခင်ဗျားတို့ထဲမှာ တိုင်းပြည် တကယ်ချစ်တဲ့၊ အခြေအနေမှန်ကို တကယ်သိတဲ့ အရာရှိတွေက အခုလို ပြည်သူလူထုကို မတရားလုပ်နေတဲ့ အရာရှိတွေကို ဖြုတ်ချ၊ ဖမ်းဆီး၊ ဥပဒေကြောင်းအရ အပြစ်ပေးပြီးတော့ ပြည်သူလူထုနဲ့ ပြန်လည် ပူးပေါင်းပြီး တိုင်းပြည် ကောင်းရာကောင်းကျိုးကို ပြန်လည် ဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုပါတယ်”လို့ ဆောင်းဦးလှိုင်က ပြောထားပါတယ်။
အဆိုတော် ဆောင်းဦးလှိုင်ဟာ ပြီးခဲ့တဲ့ရက်အတွင်းကလည်း မြန်မာနိုင်ငံက နယ်စပ်ဒေသများရှိ စစ်ဘေးရှောင် ပြည်သူများအတွက် လိုအပ်နေတဲ့ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးများ ဝယ်ယူရန် အလှူငွေများ စုပေါင်းလှူဒါန်းခဲ့ပါတယ်။
You may also like these stories:
“ဇိမ်ခံမနေရက်တာကြောင့် လူမှုရေး၊ နိုင်ငံရေးလောကထဲ ရောက်ခဲ့တယ်”
ချွေးနည်းစာနဲ့ ပြည်သူ့ကာကွယ်ရေးအတွက် ပါဝင်လှူမယ့် ဆောင်းဦးလှိုင်
“တိုင်းပြည် ဒုက္ခပင်လယ် ဝေတာ အရင်ကတည်းက”လို့ ဆောင်းဦးလှိုင် ပြော