စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်ဖို့ တောတွင်း တနေရာသို့ ရောက်ရှိနေတဲ့ “ဟား ၅ ကောင်” အဖွဲ့မှ လူရွှင်တော် တိုင်းကျော်က ကိုယ့်ကိုယ်ကိုယ် ခေါင်းဆောင်လို့ သတ်မှတ်လိုက်ရင် တာဝန်တွေ ရှိလာမယ်လို့ ဆိုပါတယ်။
“ကိုယ့်ကိုယ်ကိုယ် ခေါင်းဆောင်လို့ သတ်မှတ်လိုက်ရင် တာဝန်တွေ ရှိလာလိမ့်မယ်။ ကျနော်တို့ အားလုံးနွေဦးတော်လှန်းရေးမှာ ဆန္ဒပြနေတာကစပြီး ဒီကနေ့ထိ ဘယ်သူက ခိုင်းခဲ့လို့လဲ။ ကိုယ့်အသိစိတ်နဲ့ကိုယ် တိုင်းပြည်ကို ချစ်လို့ ဓမ္မဘက်က ရပ်တည်နေကြတာမလား”
“ကျနော်တို့ အားလုံး စည်းစည်းလုံးလုံး ပေါင်းစည်းလိုက်တဲ့နေ့ဟာ အာဏာရှင် ကျဆုံးတဲ့နေ့ပေါ့။ မင်း ဘာမှ မလုပ်တာ အရေးမကြီးဘူး။ တနိုင်တပိုင် လုပ်နေတဲ့သူတွေကို စိတ်ပျက်အောင် လုပ်နေသမျှ ငါတို့ တော်လှန်ရေးက မကြာသင့်ဘဲ ကြာနေဦးမှာပဲ”လို့ လူရွှင်တော် တိုင်းကျော်က ပြောပါတယ်။
ဆက်လက်ပြီး တိုင်းကျော်က သွားနေတဲ့လမ်း တူရင်တောင် ပန်းတိုင်ဝင်ဖို့က အဓိကမို့ နိုင်သလောက် လုပ်ကြပါစို့လို့ ဆိုပါတယ်။
“မင်းမလုပ်ရင် ငါလည်း မလုပ်ဘူး။ မင်းလုပ်လုပ် မလုပ်လုပ်၊ ငါမလုပ်ဘူး။ မင်းက လုပ်လို့ မှားတာ။ ငါမလုပ်တော့ မမှားဘူး တွေ့လား။ မင်းရောငါရော မှားပါစေ။ သွားနေတဲ့ လမ်းက တူရင် မင်းမှားရင် ငါ ပြင်၊ ငါမှားရင် မင်းပြင် ပန်းတိုင်ဝင်ဖို့ အဓိကမို့ တို့နိုင်သလောက် တခုခုတော့ လုပ်ကြစို့ ရဲဘော်”လို့ တိုင်းကျော်က ပြောပါတယ်။
ထို့အတူ လူရွင်တော် ပိုးလေးကလည်း “ဘယ်တော့မှ သွေးမအေးကြေးနော်”လို့ ပြောထားပါတယ်။ အခုဆိုရင် လူရွှင်တော် “ဟား ၅ ကောင်” အဖွဲ့ဟာ အဖွဲ့သားများ စုံလင်စွာနဲ့ တော်လှန်ရေး နယ်မြေကို ရောက်ရှိနေပြီး စစ်အာဏာရှင်ကို လက်နက်ကိုင် တွန်းလှန်ဖို့ စစ်သင်တန်း တက်နေကြပြီ ဖြစ်ပါတယ်။
လူရွှင်တော် “ဟား ၅ ကောင်” အဖွဲ့မှာ တိုင်းကျော်၊ တိုးကျော်၊ ပိုးလေး၊ ဝိုင်းကျော်၊ ပြည်ကျော်တို့ ပါဝင်ပြီး၊ သူတို့ဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပြည်သူနဲ့အတူ တသားတည်း ပါဝင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။
You may also like these stories:
ပိုင်တံခွန်အား Facebook တွင် တင်သည့် ပို့စ်များကြောင့် တရားစွဲရခြင်းဟု တရားလိုထွက်ဆို
“ဗိုလ်ချုပ်ရုပ်ရှင်ကို စစ်ကောင်စီရဲ့ ဝါဒဖြန့်တဲ့နေရာမှာ အသုံးချမှာ စိုးရိမ်တယ်”
တော်လှန်ရေးထဲ ပါဝင်လာသူတွေကို လေးစားကြိုဆိုတဲ့ ထားထက်ထက်