ဖေဖော်ဝါရီလအတွင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့ပြီး၊ စစ်ကောင်စီရဲ့ ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ Facebook Cele ကျော်ကျော်နန္ဒဟာ နေမကောင်းဖြစ်နေပေမယ့် ရှောင်ပုန်းနေရတာကြောင့် ဆေးခန်းပြခွင့် မရှိဘူးလို့ ဆိုပါတယ်။
“မိဘလုပ်သား ပြည်သူအပေါင်း ကိုဗစ်ကို ကာကွယ်ထားကြပါနော်။ ကျနော် အခု နေမကောင်းဘူး။ နေမကောင်းပေမယ့် ပုန်းနေရလို့ ဆေးခန်းပြခွင့် မရှိပါဘူး”လို့ ကျော်ကျော်နန္ဒက ပြောပါတယ်။
အခုလို ဆေးခန်းပြခွင့် မရှိတဲ့အတွက် စိတ်အား အရမ်းငယ်ရတယ်လို့ သူက ဆိုပါတယ်။

“နေမကောင်းဘူးဗျာ။ သူများတွေလို ဆေးခန်းလေး ပြချင်ပေမယ့် ပုန်းနေရတဲ့ဘဝ ပြခွင့် မရှိတော့ စိတ်အား အရမ်းငယ်ရပါတယ်။ ကျနော့်ရဲ့ ပြည်သူပြည်သားတွေလည်း ကိုဗစ်ကို ကာကွယ်နေထိုင်ကြပါနော်။ ကျနော် နေသိပ်မကောင်းလို့ တဦးချင်းစီကို Reply မပြန်နိုင်တာ ခွင့်လွှတ်ပေးကြပါနော်”လို့ ကျော်ကျော်နန္ဒက ပြောပါတယ်။
လက်ရှိမှာတော့ ကျော်ကျော်နန္ဒဟာ သူကိုယ်တိုင် ရှောင်ပုန်းနေရသလို၊ သူ့ရဲ့ မိခင်ဖြစ်သူလည်း အိမ်မှာမနေရဘဲ ပြေးနေရကြောင်း၊ မိသားစုနဲ့ အိမ်ကို သတိရကြောင်း အခုလိုပဲ ဆိုပါတယ်။

“ကျနော့်ကြောင့် မိခင် မုဆိုးမကြီးလည်း မိမိအိမ်မှာ မနေရဘဲ ပြေးနေရတယ်။ တူမလေး ကျော်ကျော်အိန္ဒြာတို့ မိသားစုလည်း ပုန်းနေရတယ်။ ကျနော်လည်း မိသားစုနဲ့ အိမ်ကို သတိအရမ်းရနေပါပြီ။ ပြည်သူလူထုကြီးလည်း ဘေးကင်းပြီး အမြန်ဆုံးအေးချမ်းကြပါစေလို့ အဝေး တနေရာကနေ ဆုတောင်းပေးပါတယ်”လို့ ကျော်ကျော်နန္ဒက ဆိုပါတယ်။
အခြားနိုင်ငံတွေမှာ ကိုဗစ် ကူးစက်မှုတွေ တိုးနေတာကြောင့် ကိုဗစ်ကိုလည်း မေ့မထားကြပါနဲ့လို့ သူက ဆိုပါတယ်။

“ကိုဗစ်ကိုလည်း မမေ့ထားကြပါနဲ့နော်။ အခြားနိုင်ငံတွေမှာ ကူးစက်မှုတွေ ပိုတိုးနေလို့ပါဗျာ။ ပြည်သူလူထုအားလုံး ကျန်းမာချမ်းသာ ဘေးကင်းကြပါစေ”လို့ ကျော်ကျော်နန္ဒက ပြောထားပါတယ်။
Facebook Cele ကျော်ကျော်နန္ဒဟာ ဖေဖော်ဝါရီလအစကတည်းက ပြည်သူနဲ့အတူ တသားတည်း ရပ်တည်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ဆန္ဒဖော်ထုတ်ခဲ့သူ ဖြစ်ပါတယ်။
You may also like these stories:
“ကိုယ့်အသိစိတ်နဲ့ကိုယ် တိုင်းပြည်ကို ချစ်လို့ ဓမ္မဘက်က ရပ်တည်နေကြတာ”
တော်လှန်ရေးထဲ ပါဝင်လာသူတွေကို လေးစားကြိုဆိုတဲ့ ထားထက်ထက်
ပိုင်တံခွန်အား Facebook တွင် တင်သည့် ပို့စ်များကြောင့် တရားစွဲရခြင်းဟု တရားလိုထွက်ဆို