ယမန်နေ့ (ဇွန်လ ၁၀ ရက်) က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ အနီးစခန်းလေဆိပ်အနီး တပ်မတော် လေယာဉ်ပျက်ကျမှုမှာ ပါဝင်ပြီး ပျံလွန်တော်မူသွားခဲ့တဲ့ ဈေးကုန်းဆရာတော်နဲ့ ပတ်သက်ပြီး လူတချို့ရဲ့ ပြောဆိုမှုအပေါ် သရုပ်ဆောင် မင်းမော်ကွန်းက အခုလိုပဲ ပြောထားပါတယ်။
“မနေ့က ဈေးကုန်းဆရာတော် ပျံလွန်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကောင်းခြင်း၊ ဆိုးခြင်း ဘာတခုမှ မဝေဖန်လိုပါ။ လူတချို့ရဲ့ကိစ္စကိုပဲ ပြောချင်တာ ဖြစ်ပါတယ်”
“ဈေးကုန်းဆရာတော်ကြီး ပျံလွန်တော်မူမှ ထပြီး သံဃာတော်တွေကို မပြစ်မှား မစော်ကားသင့်ပါဆိုတဲ့ နိဗ္ဗာန်ကို ချက်ချင်း မျက်မှောက်ပြုသွားကြသူ သူတော်စင်၊ သူတော်ကောင်းကြီးများကိုပဲ နည်းနည်းလောက် မေးကြည့်ချင်တာပါ”လို့ မင်းမော်ကွန်းက ဆိုပါတယ်။
အဆိုပါ လူအချို့ဟာ သံဃာကို မစော်ကားသင့်ဘူး၊ မပြစ်မှားသင့်ဘူးလို့ ပြောဆိုနေကြတာကြောင့် စစ်ကောင်စီဘက်က သံဃာတွေကို ဖမ်းဆီး ရိုက်နှက်၊ ညှဉ်းဆဲ သတ်ဖြတ်ခဲ့တုန်းက ဘာလို့ ငြိမ်နေကြသလဲလို့ မင်းမော်ကွန်းက ဆိုပါတယ်။
“ခင်ဗျားတို့က သံဃာကို မစော်ကားသင့်ဘူး၊ မပြစ်မှားသင့်ဘူးလို့ ယုံကြည်တယ်ဆိုရင် စကစ တွေက ရဟန်း၊ သံဃာတော်တွေကို ဖမ်းဆီး ရိုက်နှက်ခဲ့တုန်းက၊ ညှဉ်းဆဲသတ်ဖြတ်ခဲ့ကြတုန်းက ဘာလို့ ငြိမ်နေကြသလဲ”
“မိုးကုတ်ရေပူဆရာတော်ကြီးကို ထောင် ၃ နှစ် ချခဲ့တုန်းက၊ ပဲခူးအောင်ရတနာကျောင်းတိုက် ဆရာတော် ရိုက်နှက် စစ်ဆေးခံရရင်း ပျံလွန်ခဲ့တုန်းက၊ မိုးမောက်မှာ ဆရာတော်ဦးကသေလ လက်နက်ကြီး ထိလို့ ပျံလွန်တုန်းက ဘာလို့ အသံမထွက်ခဲ့ကြသလဲ”လို့ မင်းမော်ကွန်းက မေးခွန်းထုတ်ထားပါတယ်။
ဒါ့အပြင် ပြီးခဲ့ရက်ပိုင်းက မန္တလေး မစိုးရိမ်တိုက်က သံဃာတွေကို ပရိတ်ရွတ်လို့ စစ်တပ်က ဘုန်းကြီးကျောင်းထဲ ဝင်ပြီး ဆဲဆို၊ အကြမ်းဖက်ခဲ့တဲ့အကြောင်းကိုလည်း အခုလို ဆိုထားပါတယ်။
“မန္တလေး မစိုးရိမ်တိုက်က သံဃာတွေ ပရိတ်ရွတ်လို့ စစ်တပ်က ဘုန်းကြီးကျောင်းထဲထိ ဝင်ပြီး ဆဲဆိုအကြမ်းဖက်၊ ခြိမ်းခြောက် ပစ်ခတ်ခဲ့တာ ရက်ပိုင်းပဲရှိသေးဗျာ။ အဲ့ဒီတုန်းက ခင်ဗျားတို့ ဝစီပိတ် ကျင့်နေကြသလား။ ဒါတွေကိုကျ သံဃာ မဟုတ်ဘူး ထင်လို့လား”
“ဒါမှမဟုတ် ကိုယ်ကိုးကွယ်တဲ့ ဘုန်းကြီး မဟုတ်လို့ တခြားဘုန်းကြီး ဘာဖြစ်ဖြစ်ဆိုပြီး သံဃာတော်တွေကို ခွဲခြားခဲ့တာလား။ ဒါမှမဟုတ် စစ်တပ်ကတော့ သံဃာတွေကို နှိပ်စက်သတ်ဖြတ်၊ စော်ကား ပြစ်မှားခွင့် ရှိတယ်ဆိုပြီး သတ်မှတ်ထားခဲ့ကြသလား။ ဖြေပါ မဟာ့မဟာ သာသနာပြု အရိယာသူတော်စင်တို့”လို့ မင်းမော်ကွန်းက ပြောထားပါတယ်။
အဆိုပါ လေယာဉ် ပျက်ကျမှုကြောင့် ပျံလွန်တော်မူသွားခဲ့တဲ့ နိုင်ငံတော် သြဝါဒ စရိယ ဈေးကုန်းဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား အမှတ် ၂၊ တပ်မတော် ဆေးရုံကြီး ခုတင် ၁၀၀၀ မှ ပျဉ်းမနားမြို့၊ မြို့မဈေးကုန်း ကျောင်းတိုက်သို့ ယနေ့၊ မနက်မှာ ပင့်ဆောင်သွားပြီလို့ သိရပါတယ်။
You may also like these stories:
ကယားရှိ PDF များကို စုစည်းထားသည့် KNDF က စစ်ကောင်စီကို တိုက်မည်
မြဝတီတွင် အာဏာသိမ်းတပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်
ကချင် PDF အဖွဲ့အနေဖြင့် KIO/KIA လက်အောက်၌သာ လှုပ်ရှားရမည်ဟုဆို