Entertainment

အဘွားကြီး ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့တဲ့ ခင်သဇင်

ကျရာ ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင် ခင်သဇင်ကတော့ ပြီးခဲ့တဲ့ နှစ်အတွင်းက MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသခဲ့တဲ့ “တုနှိုင်း မရတဲ့ မေတ္တာ” ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့တဲ့ အေမီ ကာရိုက်တာနဲ့ ပတ်သက်ပြီး အခုလိုပဲ ဆိုပါတယ်။

“တုနှိုင်း မရတဲ့ မေတ္တာမှာ အိုးလေးကို မွေးစားတဲ့ ဆင်းရဲလွန်းတဲ့ ထမင်းသည်ကြီး အေမီအဖြစ် သရုပ်ဆောင်တဲ့ ဇာတ်ရုပ်ကို အန်တီမို့ (မို့မို့မြင့်အောင်) က တွေ့တော့ ချီးကျူးခဲ့ပါတယ်။ အဲ့ကားလေးကို သူ စောင့်ကြည့်ဖြစ်တယ်တဲ့။ ဘာလို့ဆို အေမီ ငယ်ဘဝမှာ အန်တီမို့နဲ့ တွဲဖက်ပြီး သရုပ်ဆောင်ခဲ့ရတာမို့လို့ပါ”လို့ ခင်သဇင်က ပြောပါတယ်။

ခင်သဇင်နဲ့ မို့မို့မြင့်အောင် (ဓာတ်ပုံ – Khin Thazin’s Facebook)

ခင်သဇင်က ဒီဇာတ်ကားမှာ အေမီအဖြစ် သရုပ်ဆောင်ထားပြီး ငယ်ရွယ်တဲ့ ကာရိုက်တာကနေ အဘွားကြီး ဖြစ်သွားတဲ့ ဇာတ်ရုပ်အထိ ပီပြင်စွာ သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

“အဘွားကြီး တယောက်လို သရုပ်ဆောင်တာ ပီပြင်မှုရှိပြီး မင်းသမီး တယောက်လို လှချင်မနေဘဲ ဝတ်စားတာ၊ လမ်းလျှောက်တာ၊ လေယူ လေသိမ်းကအစ ကောင်းတယ်။ ပီပြင်မှု ရှိတယ်လို့ ချီးကျူးတဲ့အခါ ထိုင်နေတဲ့ နေရာကနေတောင် နည်းနည်းကြွသွားတယ် ထင်ရအောင် ပျော်ရွှင်ခဲ့ရပါတယ်”လို့ ခင်သဇင်က ပြောပါတယ်။

ဒါ့အပြင် အကယ်ဒမီ ရန်အောင်နဲ့ အတူတွဲပြီး သရုပ်ဆောင်စဉ်မှာ ရန်အောင်က ချီးကျူးခဲ့တဲ့ အကြောင်းကိုလည်း ခင်သဇင်က အခုလို ဆိုပါတယ်။

ခင်သဇင်နဲ့ အကယ်ဒမီ ရန်အောင် (ဓာတ်ပုံ – Khin Thazin’s Facebook)

“ဦးရန်လေးနဲ့လည်း အတူတွဲဖက် သရုပ်ဆောင်ခဲ့ရတာမို့ နင်က ရှုတင်တုန်းက အဘွားကြီးလို ဝတ်ထားတော့ အခု ဂါဝန်နဲ့လည်း ဆိုရော ငါက မမှတ်မိတော့ဘူးဆိုပြီး တွေ့တာနဲ့ နောက်ပါတယ်”လို့ ခင်သဇင်က ပြောပါတယ်။

ဆက်လက်ပြီး ခင်သဇင်က ဘဝမှာ အနုပညာနဲ့ မွေးဖွားလာပြီး အနုပညာနဲ့ပဲ သေဆုံးသွားသူ တယောက် ဖြစ်ချင်တယ်လို့ ဆိုပါတယ်။

“ကျမလေ ဘဝမှာ အနုပညာနဲ့ မွေးဖွားလာခဲ့ပြီး အနုပညာနဲ့ပဲ သေဆုံးသွားတဲ့သူ တယောက်ပဲ ဖြစ်ချင်ပါတယ်။ ကျမရဲ့ ဆန္ဒတွေ ပြည့်ဝပါရစေ။ ပြည်သူများလည်း ဆန္ဒနဲ့ဘဝ တထပ်တည်း ကျနိုင်ကြပါစေရှင်”လို့ ခင်သဇင်က ပြောထားပါတယ်။

သရုပ်ဆောင် ခင်သဇင်ကတော့ ပြီးခဲ့တဲ့နှစ်အတွင်းက ဇာတ်လမ်းတွဲတွေမှာ ပါဝင် သရုပ်ဆောင်ခဲ့ပြီး၊ “အချစ်ဖွဲ့လေညင်း” ဆိုတဲ့ ဇာတ်လမ်းတွဲမှာလည်း “မိုးကလျာ” ဇာတ်ကောင်နဲ့ လူသိများခဲ့ပါတယ်။

You may also like these story:

မိုးကလျာ ဇာတ်ကောင်ကို ပရိသတ် မုန်းအောင် ကြိုးစားထားတဲ့ ခင်သဇင်

Loading