ထိုင်း-မြန်မာ နယ်စပ် တနေရာကို Free Burma Rangers အဖွဲ့ဝင်များနဲ့အတူ ရောက်ရှိနေတဲ့ Makeup Artist မေဦးက စစ်တပ်နဲ့ ပြည်သူ ဘယ်လောက်အထိ ဝေးကွာသွားတယ်ဆိုတဲ့အကြောင်း သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကနေ အခုလိုပဲ ပြောထားပါတယ်။
“စစ်တပ်နဲ့ ပြည်သူ ဘယ်လောက် ဝေးကွာသွားသလဲဆို တိုက်ပွဲကျလည်းပျော်၊ ကားမှောက်လည်းပျော်၊ လေယာဉ်ပျက်ကျလည်း ပျော်တဲ့ အကွာအဝေးတခုကို ရောက်နေပြီ။ အဲ့ဒါ သူတို့အတွက် သူတို့နွံ သူတို့ တဖြည်းဖြည်း နစ်နေတဲ့ သဘောပဲ။ လူ့အသိုင်းအဝိုင်းအပေါ် လူမဆန်လို့ ဆိုးရွားစွာ တန်ပြန် ခံစားရမယ့်အထဲမှာ မြန်မာ စစ်တပ်က ထိပ်ဆုံးကပဲ”လို့ မေဦးက ပြောပါတယ်။
ဆက်လက်ပြီး မေဦးက ဗုဒ္ဓဘာသာဆိုတာ ကာကွယ်ရမယ့် ဘာသာလား၊ ကိုးကွယ်ရမယ့် ဘာသာလားလို့ မေးခွန်းထုတ်ထားပြီး၊ ဘာသာရေးကို ခုတုံးမလုပ်ကြဖို့လည်း ပြောထားပါတယ်။

“ဗုဒ္ဓဘာသာဆိုတာ ကာကွယ်ရမယ့် ဘာသာလား။ ကိုးကွယ်ရမယ့် ဘာသာလား။ လိုက်နာ ကျင့်ကြံရမယ့် ဘာသာလား။ သုတ္တန် ဒေဿနာတော်တွေမှာ ဘုရားက ဘယ်လိုမှာခဲ့လဲ သိချင်မိတယ်။ ဘုရားက ကာကွယ်ကြပါဆိုရင် ကာကွယ်ကြတာပေါ့။ လွယ်ပါတယ်”
“ဘုရားက ငါ့ကိုကိုးကွယ်ကြပါဆိုရင်လည်း တနေ့ ၅ ကြိမ် ထိုင်ရှိခိုးကြတာပေါ့။ လွယ်ပါတယ်။ ကျင့်ကြံ လိုက်နာကြပါ ဆိုရင်တော့ နည်းနည်းခက်တယ် မဟုတ်လား။ နိုင်ငံရေးက နိုင်ငံရေး၊ ဘာသာရေးက ဘာသာရေး။ မရောယှက်ပါနဲ့။ ခုတုံး မလုပ်ကြပါနဲ့”လို့ မေဦးက ဆိုပါတယ်။
ဒါ့အပြင် မြန်မာ့အရေးကို ကူညီပေးကြတဲ့ ကိုရီးယားလူမျိုးတွေအတွက် သွေးလှူကာ ကျေးဇူးဆပ်ခဲ့ကြတဲ့ ကိုရီးယားရောက် မြန်မာပြည်သူများကိုလည်း မေဦးက အခုလိုပဲ ဆိုပါတယ်။

“ကောင်းလိုက်တဲ့ ကျေးဇူးဆပ်နည်း။ ကျေးဇူးဆပ်ခွင့်လည်းရ၊ ကုသိုလ်လည်းရ။ မွန်မြတ်လိုက်တဲ့ ငါတို့ပြည်သူတွေ။ သွေးလှူတယ်ဆိုတာ ခန္ဓာလှူခြင်း တမျိုးပဲ။ ဒါကြောင့် သွေးလှူကြတဲ့ ပြည်သူတို့ရေ သစ္စာဆိုကြပါ။ အရမ်းမြတ်တဲ့ ဒီဒါန ကုသိုလ်ကြောင့် မြန်မာပြည် အာဏာရှင် စစ်သူပုန် လက်အောက်မှ အမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်းကြပါ”လို့ မေဦးက ပြောထားပါတယ်။
You may also like these stories:
မေဦးမောင်နဲ့ ပတ်သက်ပြီး ပရိသတ်တွေ အထင်လွဲနေမှုကို ရှင်းပြခဲ့တဲ့ မေဦး
စစ်အာဏာရှင်ကို အဆုံးထိ တွန်းလှန်ပေးကြပါလို့ မေဦး ပြော
ဘဏ်တွေမှာ ငွေထုတ်ရ ခက်ခဲတဲ့အပေါ် ထုတ်ပြောလာတဲ့ မေဦး