ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အကြိုမှာ လူငယ်တွေအတွက် အမှာစကား ပြောမယ့် ချမ်းမြမြသော်
လက်ရှိ တောင်ကိုရီးယားနိုင်ငံမှာ နေထိုင်တဲ့ ကိုရီးယားဘာသာစကား ဆရာမ ချမ်းမြမြသော်က လာမယ့် ဇွန်လ ၁၆ ရက်နေ့၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အကြိုအဖြစ် ပြုလုပ်တဲ့ပွဲမှာ လူငယ်တွေအတွက် အမှာစကား ပြောကြားရမယ်လို့ သိရပါတယ်။
အဆိုပါပွဲဟာ နော်ဝေနိုင်ငံရဲ့ Forland မြို့တော်ရှိ “Aung San Suu Kyi Park Committee” မှ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၆) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်ပြုပွဲဖြစ်ပြီး၊ လေလှိုင်းပေါ်မှတဆင့် မွေးနေ့ရှေ့ကြို (၃) ရက် အလိုမှာ ပြုလုပ်တာ ဖြစ်ပါတယ်။

ဒီပွဲကနေတဆင့် စစ်ကောင်စီရဲ့ မတရား ချုပ်နှောင် ဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ဖမ်းဆီးခံထားရသူများအားလုံး အမြန်ဆုံး လွတ်မြောက်ရေးကို တကမ္ဘာလုံးမှ စာနာထောက်ထားမှုဖြင့် အလေးအနက် ပြင်းထန်စွာ တောင်းဆိုမှုကို ရရှိဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။
“၆ လပိုင်း ၁၉ ရက်နေ့ဟာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ ဖြစ်ပါတယ်။ ဒါကြောင့် မနက်ဖြန် ၁၆ ရက်နေ့မှာ အမေ ဒေါ်စုရဲ့ ၇၆ နှစ်ပြည့် မွေးနေ့ အကြိုပွဲကို နော်ဝေးနိုင်ငံက တာဝန်ရှိ ပုဂ္ဂိုလ်များက အွန်လိုင်းကနေ တာဝန်ယူ ကျင်းပမှာ ဖြစ်ပါတယ်”
“Dr.SaSa၊ မြန်မာ UN သံတမန် ဦးကျော်မိုးထွန်း စတဲ့ ပုဂ္ဂိုလ်များ တက်ရောက်ပြီး အမှာစကား ပြောကြားကြမှာ ဖြစ်ပါတယ်။ နော်ဝေးနိုင်ငံရှိ တာဝန်ရှိ ဆရာတော် အရှင် ထာဝရကနေ ကျမကို လူငယ်တွေအတွက် အမှာစကား ပြောဖို့ ဖိတ်ကြားလာတာကြောင့် မနက်ဖြန် အစီအစဉ်မှာ ပါဝင် ဖြစ်ပါတယ်”လို့ ဆရာမ ချမ်းမြမြသော်က ဆိုပါတယ်။

အဆိုပါပွဲကို မနက်ဖြန် မြန်မာအချိန် ည ၇ နာရီခွဲမှာ စတင်မှာဖြစ်ပြီး၊ Zoom ကတဆင့် ပြုလုပ်မယ့် ပွဲမှာ ဖိတ်ကြားထားတဲ့ ဧည့်သည်များ၊ ဘာသာရေး ခေါင်းဆောင်များနဲ့ အနုပညာရှင်အချို့ ပါဝင်မယ်လို့ သိရပါတယ်။
“မနက်ဖြန် မြန်မာအချိန် ည ၇ နာရီခွဲမှာ ပွဲစတင်ပါမယ်။ ပွဲ အစကနေ အဆုံးအထိ ရှုစားခြင်းနဲ့ အမေစုရဲ့ မွေးနေ့ကို အားလုံး အတူတူ ဆုတောင်းပေးကြရအောင်လားရှင့်။ အမေစု ကျန်းမာပါစေ”လို့ ဆရာမ ချမ်းမြမြသော်က ပြောထားပါတယ်။
You may also like these stories:
Speak Out လုပ်ရင် သိန်း ၁၀၀ ယူတယ်ဆိုတဲ့ သတင်းတွေကို ချမ်းမြမြသော် ဖြေရှင်း
“Master in the house” အစီအစဉ် အမြင့်ဆုံး ကြည့်ရှုနှုန်း စံချိန်တင်ခဲ့