မြန်မာနိုင်ငံက စစ်ဘေးရှောင် ဒေသတွေနဲ့ အခက်အခဲ ဖြစ်နေတဲ့ ပြည်သူတွေကို တတ်အားသရွေ့ ဦးဆောင်ကာ စုပေါင်း လှူဒါန်းပေးနေတဲ့ အဆိုတော် မီးနိုက ရွာလုံးကျွတ် မီးရှို့ခံခဲ့ရတဲ့ ပေါက်မြို့နယ်၊ ကင်းမရွာရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။
“ဘယ်လိုများ လုပ်ရက်ကြတာလဲ။ ကိုယ့်မိဘအရွယ်၊ သက်ကြီးရွယ်အိုတွေကို မီးလောင်တိုက် သွင်းရက်တယ်။ ကျန်းမာရေး မကောင်းတဲ့သူတွေနဲ့ မသန်စွမ်းတွေပါ ပါသွားတယ်ဆိုတာ သိရတော့ ရင်တွေလည်း ကွဲရပါတယ်။ ကျန်ရစ်သူတွေကိုလည်း အားတင်းထားပါလို့တောင် မပြောနိုင်တော့ပါဘူး”
“ယုံကြည် စိတ်ချရတဲ့သူတွေဆီ ကိုယ်တတ်နိုင်သလောက် အလှူငွေ ထည့်ပေးကြပါဦး။ ကူညီကြပါဦး။ ပြည်သူတွေမှာ ပြည်သူတွေပဲ ရှိလို့ပါ”လို့ မီးနိုက ပြောပါတယ်။
အဆိုတော် မီးနိုဟာ ပြီးခဲ့တဲ့လအတွင်းကလည်း ကရင်စစ်ဘေးရှောင် ပြည်သူတွေအတွက် အလှူငွေ ကောက်ခံကာ စုပေါင်း လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါတယ်။
“အရင်လိုအချိန်တွေ အမြန်ဆုံး ပြန်လိုချင်ပြီ။ မီးနိုတို့ရဲ့ မြန်မာပြည်ကြီး ငြိမ်းချမ်းတဲ့အခါ မီးနိုတို့ရဲ့ တိုင်းရင်းသား မောင်နှတွေ နေထိုင်ရာ လှပတဲ့ တောင်ပေါ်ဒေသတွေဆီ ခရီးသွားမယ်။ လွတ်လွတ်လပ်လပ် သီချင်းတွေ ဆိုမယ်”
“မီးနိုရဲ့ ပရိသတ် မောင်နှမတွေ၊ မီးနိုကို ချစ်တဲ့သူတွေနဲ့ တွေ့မယ်။ အခုလိုပဲ မီးနိုတို့ဆီက အကူအညီ လိုအပ်နေတဲ့ လူတွေကို တတ်နိုင်သမျှ လက်ကမ်း မျှဝေမယ်။ ဒီမိုကရေစီနဲ့ Freedom (လွတ်လပ်မှု) ကို ပိုပြီး တန်ဖိုးထားပါ့မယ်”လို့ မီးနိုက ပြောထားပါတယ်။
အဆိုတော် မီးနိုကတော့ ယခု ကာလအတွင်း သူတတ်နိုင်တဲ့ဘက်ကနေ အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို တတ်အားသရွေ့ စုပေါင်းကာ ကူညီပေးနေတဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။
You may also like these stories:
ကရင်စစ်ဘေးရှောင် ပြည်သူတွေအတွက် သွားရောက် လှူဒါန်းမယ့် မီးနို
နွေဦးတော်လှန်ရေးမှာ သေဆုံးခဲ့ရသူများရဲ့ မိသားစုများထံ သွားရောက် လှူဒါန်းခဲ့တဲ့ မီးနို