မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်ရှိ ကင်းမရွာလေး ရွာလုံးကျွတ် မီးရှို့ခံခဲ့ရပြီး ပြာကျသွားတာကြောင့် အိုးအိမ် ဆုံးရှုံးခဲ့ရသူတွေအတွက် ကိုယ်ချင်းစာပေးကြပါလို့ Myanmar Idol အဆိုတော် တန်ခွန်ကျော်က ဆိုပါတယ်။
“မကွေးနယ်က ကင်းမရွာလေး မီးပြာကျသွားပြီ။ အိမ်ဆိုတာ မိသားစုတခုရဲ့အားပါ။ သူတို့တွေ ဘယ်လောက်တောင် စိတ်ဓာတ်ကျနေကြမလဲ။ အခုလို ကာလမှာ အိမ်တလုံး ဘယ်လို ဆောက်နိုင်မှာလဲ။ အရာရာ တန်ဖိုးကြီး ပေးဝယ်နေရတဲ့ ခေတ်ကြီးမှာ ခင်ဗျားတို့ရဲ့ အတ္တ တခုတည်းကြောင့် အိုးအိမ် မဲ့ကုန်ပြီ။ ကိုယ်ချင်းစာပေးကြပါ။ မလုပ်ကြပါနဲ့တော့”လို့ တန်ခွန်ကျော်က ဆိုပါတယ်။
တန်ခွန်ကျော်က လတ်တလောမှာ သူ့အနေနဲ့ ငွေကြေး အခက်အခဲရှိလို့ လှူဒါန်းမပေးနိုင်ပေမယ့် သူ တတ်နိုင်တဲ့ဘက်ကနေ တင်ပြပေးတာပါလို့ ဆိုပါတယ်။

“အခု လောလောဆယ် အလှူလုပ်ဖို့ ကျနော့် အနေနဲ့ ငွေကြေး အခက်ခဲ ရှိနေလို့ပါ။ လှူချင်တဲ့သူများ သိဖို့အတွက် တတ်နိုင်တဲ့ဘက်က တင်ပြပေးရခြင်းပါ”လို့ သူက ဆိုပါတယ်။
ဆက်လက်ပြီး “ရပ်ကွက်ထဲ အိမ်တလုံးလေး မီးလောင်ရင်တောင် တရပ်ကွက်လုံး ပြာယာခပ်ပြီး ဝိုင်းကူပေးတတ်ကြပါတယ်။ တရွာလုံးဆိုတော့ သူတို့သောက မှန်းဆ မရတော့ပါဘူး”လို့ တန်ခွန်ကျော်က စိတ်မကောင်းစွာ ဆိုထားပါတယ်။

ကိုယ်လုပ်သမျှ အကောင်းအဆိုးကိုလည်း နေမဝင်ခင် ကိုယ်တိုင် ပြန်ခံစားရမယ်လို့ တန်ခွန်ကျော်က ဆိုပါတယ်။
“ကိုယ်လုပ်သမျှ အကောင်းအဆိုး နေမဝင်ခင် ကိုယ်ပြန်ခံစားရမယ်။ ကိုယ်က စပျစ်ပင်စိုက်ရင် စပျစ်သီးကို စားရမယ်။ ဆူးပင်စိုက်ရင်တော့ ဆူးကိုင်းပဲ မြိုရလိမ့်မယ်”
“ဓာတ်ကြီးလေးပါး ညီမျှနေတုန်း ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ မထင်နဲ့။ အချိန်ဆိုတာ ရွေ့လျားနေတာနော်။ တသတ်မှတ်တည်း မရှိဘူး။ ဦးနှောက်ပါရင် ဒီနေ့ပဲ ဆင်ခြင်လိုက်ပါတော့။ မနက်ဖြန်ထက်စာရင် ဒီနေ့ဟာ အချိန်ကောင်းပါပဲ”လို့ တန်ခွန်ကျော်က ပြောထားပါတယ်။
“Myanmar Idol Season 4” မှ ပြိုင်ပွဲဝင် အဆိုတော် တန်ခွန်ကျော်ဟာ ဒီအကြောင်းအရာတွေကို သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကနေ ရေးသား ပြောပြထားတာ ဖြစ်ပါတယ်။
You may also like these stories:
သရုပ်ဆောင် စိုပြေမြင့်ရဲ့ မိဘနှစ်ပါး ကိုဗစ် ကူးစက်ခံရ
ကင်းမရွာ မီးလောင်မှုကို ရင်ကွဲမတတ် စိတ်မကောင်းဖြစ်နေတဲ့ မီးနို
“မတရားမှုနဲ့ ဆက်နွယ်မနေရင် Boycott အောင်မြင်ပြီ”လို့ Leo ဆို