စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့တဲ့ ဒါရိုက်တာ သည်ခေတ်နေက လတ်တလော နာမည်ကြီးနေတဲ့ ခံဝန်ကိစ္စနဲ့ ပတ်သက်ပြီး သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကနေ အခုလိုပဲ ပြောထားပါတယ်။
“အခုတလော နာမည်ကြီးနေတဲ့ ခံဝန်ကိစ္စ။ ခံဝန်ထိုးပြီး ငြိမ်ငြိမ်လေး နေလိုက်တော့တဲ့။ ခွေးကျင့်ခွေးကြံ လာပေးသလိုပဲ။ တနည်းအားဖြင့် ပြောရရင် စစ်အစိုးရအတွက် ပါးစပ်ပေါက်တွေ ပိတ်သွားအောင် စေတနာလိုလိုနဲ့ ချင်းပြုတ်ရည် တိုက်တဲ့ ဒလန်အကြံပဲ”
“ခံဝန်ထိုးတယ်ဆိုတာ ကျနော်၊ ကျမ အမှားလုပ်ခဲ့မိပါတယ်။ နောင်မဖြစ်စေရပါဘူးဆိုတဲ့ အဓိပ္ပာယ်ရတယ်။ နဂိုတည်းကမှ ယုံကြည်ချက်ဟာ “ပြားကိုးဆယ်”မပြည့်တဲ့ လူတချို့အတွက်ကတော့ ခံဝန် ထိုးချင်ထိုးမှာပေါ့”လို့ ဒါရိုက်တာ သည်ခေတ်နေက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲခံထားရတဲ့ အနုပညာရှင်အချို့ ခံဝန် လက်မှတ်များထိုးပြီး အဖမ်းမခံရစေရန် ပြုလုပ်နေကြောင်း အနုပညာ အသိုင်းအဝိုင်းနဲ့ နီးစပ်သူများထံမှ သိရပါတယ်။

“ခံဝန်ကိစ္စ လိုက်လုပ်ပေးနေတဲ့ လူစာရင်းနဲ့ ကုမ္ပဏီ စာရင်းတွေ၊ လက်ရှိ ခံဝန်ထိုးပြီးသွားတဲ့ လူစာရင်းတွေထဲမှာ ဘယ်သူတွေ ပါနေလဲသာမြင်ရင် အံ့ဩသွားကြပါလိမ့်မယ်”
“တနေ့ တယောက်နှုန်းနဲ့ နာမည်ကို ပဟေဠိ ဝှက်သလို ထုတ်ပြောပြလိုက်ရမလား။ မကြောက်ပါနဲ့။ ဗိုလ်အောင်ဒင် ဘောင်းဘီချွတ်တာ ရေချိုးဖို့ပါ”လို့ ဒါရိုက်တာ သည်ခေတ်နေက ပြောထားပါတယ်။
သည်ခေတ်နေကတော့ ဖေဖော်ဝါရီလအစကတည်းက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူဖြစ်ပြီး၊ သူကိုယ်တိုင်လည်း စစ်ကောင်စီရဲ့ ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။
ဒါရိုက်တာ သည်ခေတ်နေဟာ မကြာသေးခင်ကလည်း စစ်ကောင်စီရဲ့ လက်အောက်မှာ ဘာအနုပညာ ဖန်တီးမှုမှ ပြုလုပ်မှာ မဟုတ်ဘူးလို့ ပြတ်သားစွာ ထုတ်ဖော် ပြောဆိုခဲ့သူ ဖြစ်ပါတယ်။
You may also like these stories:
စစ်ကောင်စီ လက်အောက်မှာ ဘာအနုပညာ ဖန်တီးမှုမှ မလုပ်ဘူး
၅၀၅ (က) ဖြင့် တရားစွဲခံရသည့် အနုပညာရှင်တချို့ အဖမ်းမခံရစေရန် ခံဝန်ရေးထိုး