Entertainment

ဆိုရှယ်မီဒီယာမှာ အပျော်ပုံတွေထက် သတင်းတွေ တင်ပေးဖို့ မေဦး တိုက်တွန်း

စစ်အာဏာရှင် တော်လှန်ရေးအတွက် ထိုင်း-မြန်မာ နယ်စပ် တနေရာကို ရောက်ရှိနေတဲ့ နိုင်ငံကျော် Makeup Artist မေဦးက လက်ရှိအချိန် ဆိုရှယ် မီဒီယာမှာ ဘားတွေ၊ ကလပ်တွေ သွားနေကြတဲ့ ပုံတွေ တင်မယ့်အစား အကျိုးရှိစေမယ့် သတင်း အချက်အလက်တွေ တင်ပေးကြပါလို့ ဆိုပါတယ်။

“ယှဉ်ပြီး ပြောပြမယ်။ ရိုးရိုးလေးပဲ တွေးကြည့်ပါခင်ဗျာ။ ဒီအချိန်မှာ စစ်သူပုန်တွေက မြို့တွေကို မီးရှို့ပြီး ပြည်သူကို ဒုက္ခပေးတဲ့ သတင်းတင်ပေး share ပေးတာနဲ့ ကိုယ့်အလှပုံ တင်တာနဲ့ ဘယ်ဟာအကျိုးရှိစေမလဲ”

“စစ်သူပုန်တွေ မတရားလုပ်နေလို့ ပြည်သူ တော်တော်များများ စစ်ရှောင်ဘဝနဲ့ ဒုက္ခရောက်ကြလို့ ကိုယ့်နိုင်ငံနဲ့ ကမ္ဘာကသိအောင် တင်ပေးတဲ့ သတင်းနဲ့ ဘားတွေ၊ ကလပ်တွေသွား၊ မုန့်တွေ သွားစားတဲ့ ပုံတွေတင်တာနဲ့ ဘယ်ဟာက အကျိုးရှိစေမလဲ”

Makeup Artist မေဦး (ဓာတ်ပုံ – May Oo’s Facebook)

“NUG က ပြည်သူအတွက် ကြိုးစားပေးလို့ ထူးလာတဲ့ သတင်းတွေ၊ စစ်သူပုန်တွေ မတရားလုပ်လို့ ထွက်လာတဲ့ သတင်းတွေကို ပြည်သူအားလုံး သိရအောင် တင်ပေးတဲ့ သတင်းနဲ့ ရည်းစား ဂယက်တွေ၊ ကိုရီးယားကားတွေကြည့်၊ Screenshot တွေ ရိုက်ပြီး တင်ကြတဲ့ သတင်းတွေနဲ့ ဘယ်ဟာက အကျိုးရှိစေမလဲ”လို့ မေဦးက ဆိုပါတယ်။

ဆက်လက်ပြီး မေဦးက အခုလိုအချိန်မှာ သေရေးရှင်ရေး၊ မိသားစုအရေးကလွဲလို့ တိုင်းပြည်အရေးကို အားလုံးက တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးကြပါလို့ ဆိုပါတယ်။

Makeup Artist မေဦး (ဓာတ်ပုံ – May Oo’s Facebook)

“နိုင်အောင် တိုက်နေရတဲ့ အခုချိန်လေးကို ကိုယ့်ရဲ့သေရေးရှင်ရေး အရေးကြီးတဲ့ မိသားစုအရေးက လွဲလို့ ပြည်သူ့အရေး၊ တိုင်းပြည်အရေး အားလုံးရဲ့အရေးကို တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးကြပါလားခင်ဗျာ။ သေချာလေး တွေးတောဆင်ခြင်ပြီး တော်လှန်ရေးအတွက် ကူညီပေးကြပါ”

“ဒီစာရေးရတာလည်း တနေ့တနေ့ ပျော်ပါး စားသောက်တာတွေ မြင်နေရလို့ အကူအညီ တောင်းတာပါ။ အပြစ်ပြောတာ မဟုတ်ပါဘူးခင်ဗျာ။ နားလည်ပေးကြပါ။ ယနေ့ အခြေအနေ ပေါက်မြို့နယ်၊ ကင်းမရွာရဲ့ပုံကို နှလုံးသားနဲ့ ခံစားပြီး ကြည့်ပေးကာ အသိတရား ဦးနှောက်နဲ့ စဉ်းစားနိုင်ကြပါစေ”လို့ မေဦးက ပြောထားပါတယ်။

You may also like these stories:

စစ်တပ်နဲ့ ပြည်သူ ဝေးကွာသွားတဲ့အကြောင်း ပြောပြထားတဲ့ မေဦး

စစ်အာဏာရှင်ကို အဆုံးထိ တွန်းလှန်ပေးကြပါလို့ မေဦး ပြော

Loading