MRTV-4 မှ ဇာတ်လမ်းတွဲ သရုပ်ဆောင် စိုပြေမြင့်ရဲ့ မိဘနှစ်ပါးစလုံး COVID-19 ရောဂါ ကူးစက်ခံထားရပြီး၊ ကိုဗစ်နဲ့ ပတ်သက်လို့ စိုပြေမြင့်က ပရိသတ်တွေကို အခုလိုပဲ ထပ်မံ သတိပေးထားပါတယ်။
“COVID-19 နဲ့ ပတ်သက်ပြီး သတိ ထပ်ပေးချင်လို့ပါဗျ။ အမေကတော့ ကာကွယ်ဆေး ထိုးထားတော့ ဆီးချို ရှိတာတောင် နည်းနည်း ခံနိုင်ရည်ရှိလို့ သက်သာပါတယ်။ အဖေကတော့ ဆေးမထိုးတဲ့အတွက် တချက်တချက် အမောဖောက်လို့ အောက်ဆီဂျင် ပိုပေးပြီး ဆေးပိုသွင်းနေရပါတယ်”
“အခုလို တင်ပေးတာ အားလုံး ကိုယ့်ကျန်းမာရေးကို ပိုဂရုစိုက်အောင် တင်ပေးတာပါ။ တချို့က Message Box မှာ တခုခုဆို ဝေမျှပေးဖို့ လာလာပြောလို့ တင်ပေးရတာပါဗျ။ Mask တပ်ပြီး လက်ဆေးကြပါဗျ။ ဖြစ်နိုင်ရင် အိမ်မှာပဲ နေကြပါနော်။ ဆေးထိုးလည်း ကူးပါတယ်။ မပေါ့ပါနဲ့”လို့ စိုပြေမြင့်က ပြောပါတယ်။
စိုပြေမြင့်ရဲ့ ဖခင်က ဆရာဝန်တဦး ဖြစ်တာကြောင့် ဆေးခန်းဖွင့်ရင်းကနေ ရောဂါ ကူးစက်ခံခဲ့ရတာလို့ သိရပါတယ်။

“ကူးစက်ပုံက အဖေက ဆရာဝန်ဆိုတော့ ဆေးခန်းဖွင့်ရင်းကနေ ကူးစက်ရင်း အမေ့ကိုပါ ကူးသွားတာပါဗျ။ အခု ကျနော် ပြောချင်တာက ရောဂါကို မပေါ့ဆပါနဲ့။ Mask တပ်ကြပါ။ အကာအကွယ်တွေနဲ့ သွားကြပါ။ လက်ဆေးကြပါ။ အားလုံးလည်း ဂရုစိုက်ဖို့ သတိပေးတာပါ”လို့ စိုပြေမြင့်က ပြောထားပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်မှု ပြန်လည် မြင့်တက်နေပြီး၊ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း လှည်းကူးမြို့နယ်က ကိုယ်ပိုင်ကျောင်းတကျောင်းမှာ လူ ၂၀၀ ကျော် အစုလိုက် ကိုဗစ် ကူးစက်မှု တွေ့ရှိခဲ့ပါတယ်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဇွန်လ ၁၇ ရက်နေ့က ကူးစက်လူနာ အသစ် ၃၆၂ ဦး တွေ့ရှိခဲ့ပြီး၊ မြန်မာနိုင်ငံမှာ ကိုဗစ် ကူးစက်လူနာ စုစုပေါင်း ၁၄၆,၇၆၈ ဦး၊ ကိုဗစ်ကြောင့် သေဆုံးသူပေါင်း ၃,၂၅၀ ဦး ရှိပြီလို့ သိရပါတယ်။