ယနေ့၊ ဇွန်လ ၁၉ ရက်နေ့ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၆) နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ မွေးနေ့ကို နေအိမ် အကျယ်ချုပ်နဲ့ ဖြတ်သန်းနေရတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုပဲ အမှုဆင် ဖမ်းဆီးချင်ဖမ်းဆီး သူ့လောက် ချစ်ခင်လေးစား အားကိုးခံရတဲ့ နိုင်ငံရေး ခေါင်းဆောင် မရှိသေးဘူးလို့ အဆိုတော် ဆောင်းဦးလှိုင်က ဆိုပါတယ်။
“ပြည်သူအများက သတ်မှတ်ထားတာ ပြည်သူ့မိခင် ပြည်သူ့ခေါင်းဆောင်။ ရင်ကြားစေ့ရေးတွေ၊ တိုင်းရင်းသား လူနည်းစုအပေါ် သဘောထားတွေ မတိုက်ဆိုင်ရင်နေ၊ မဟုတ်တရုတ် စွပ်စွဲချက်တွေနဲ့ အမှုဆင် အပုတ်ချ ဖမ်းဆီးချင်ဖမ်းဆီး။ သူ့လောက် ချစ်ခင်လေးစား အားကိုးတာ ခံရတဲ့ နိုင်ငံရေးခေါင်းဆောင် မရှိသေးဘူး”လို့ ဆောင်းဦးလှိုင်က ပြောပါတယ်။
ဆက်လက်ပြီး ဆောင်းဦးလှိုင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၇၆) နှစ်ပြည့် မွေးနေ့အတွက် ဆုတောင်းမေတ္တာကိုလည်း အခုလိုပဲ ဆိုထားပါတယ်။

“၇၆ နှစ်ဆိုတာ အသက်ကြီးလှပါပြီ။ ကျနော်တို့ တော်လှန်ရေး အောင်မြင်တဲ့အခါ ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်း ပြောကြတာပေါ့။ မိစ္ဆာတွေဟာ မေတ္တာတရားနဲ့ မထိုက်တန်ကြောင်း၊ တိုင်းရင်းသားတွေရဲ့အခွင့်အရေး အားလုံးဟာ တန်းတူရှိကြရမှာ ဖြစ်ကြောင်း”
“အခု ဒေါ်အောင်ဆန်းစုကြည် (အမေစု)ရဲ့ ၇၆ နှစ်ပြည့် မွေးနေ့မှာတော့ ဆုတောင်းမေတ္တာ ပို့ကြပါစို့။ အမြန်ဆုံး လွတ်မြောက်ပါစေ။ ကျန်းမာပါစေ ခင်ဗျာ”လို့ အဆိုတော် ဆောင်းဦးလှိုင်က ဆုတောင်းပေးထားပါတယ်။
You may also like these stories:
“ဇိမ်ခံမနေရက်တာကြောင့် လူမှုရေး၊ နိုင်ငံရေးလောကထဲ ရောက်ခဲ့တယ်”
ချွေးနည်းစာနဲ့ ပြည်သူ့ကာကွယ်ရေးအတွက် ပါဝင်လှူမယ့် ဆောင်းဦးလှိုင်
“တိုင်းပြည် ဒုက္ခပင်လယ် ဝေတာ အရင်ကတည်းက”လို့ ဆောင်းဦးလှိုင် ပြော