ယနေ့၊ ဇွန်လ ၁၉ ရက်နေ့ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၆) နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ မွေးနေ့ကို နေအိမ် အကျယ်ချုပ်နဲ့ ဖြတ်သန်းနေရတာ ဖြစ်ပါတယ်။
စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်ဖို့ တော်လှန်ရေး နယ်မြေတခုသို့ ရောက်ရှိနေတဲ့ အလှမယ် ထားထက်ထက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ အခုလိုပဲ အမှတ်တရစကား ဆိုထားပါတယ်။
“နှစ်ပေါင်း ၂၀ ကျော် အချုပ်အနှောင်ခံပြီးမှ ရခဲ့တဲ့ ဒီမိုကရေစီရဲ့အလင်း၊ အာဏာရူး တစုကြောင့် ဆိတ်သုဉ်းခဲ့ပြီ အမေ။ ခေတ်ကပေးတဲ့ တာဝန် ကျမတို့ ယူနေတယ် အမေ။ အမေ ပြောဖူးသလိုပေါ့။ ကြောက်နေလျက်နဲ့ လုပ်သင့်တာကို လုပ်နေပါတယ်”

“အမေ့ဆုံးမ စကားအတိုင်း စိတ်အားထက်သန်စွာနဲ့ စိန်ခေါ်မှုတွေ ဘယ်လောက်များများ ရင်ဆိုင်ဖို့ ဆုံးဖြတ်ထားပါတယ် အမေ။ အမေရေ ကျမတို့ အားလုံးက တယောက်တည်း မဟုတ်ဘူးနော်။ ဒါပေမဲ့ တစိတ်တည်း တဝမ်းတည်း။ အမေ ပြန်လာမှ နမ်းမယ့် ငြိမ်းချမ်းရေးနှင်းဆီ အားလုံး ရင်ဘတ်မှာ သွေးစွေးနီလျက်ပါ အမေ”လို့ ထားထက်ထက်က ဆိုပါတယ်။
ဆက်လက်ပြီး ထားထက်ထက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အတွက် အခုလိုပဲ ဆုတောင်းပေးထားပါတယ်။

“ကျမတို့ ပြန်ဆုံကြမယ်နော်။ အမေစု ကျန်းမာ အသက်ရှည်ပါစေ။ ကျမတို့တွေအားလုံး အတူ ရှိနေပါတယ်။ Happy Birthday အမေစု”လို့ ထားထက်ထက်က ပြောထားပါတယ်။
အလှမယ် ထားထက်ထက်ကတော့ ဖေဖော်ဝါရီလအစကတည်းက စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်ပြီး၊ လက်ရှိမှာလည်း စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်ဖို့ စစ်သင်တန်း တက်နေတဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။
You may also like these stories:
စစ်သင်တန်းအတွက် လှူဒါန်းပေးကြဖို့ ထားထက်ထက် တိုက်တွန်း
အကြောက်တရားတွေ ဖိနှိပ်မှုတွေနဲ့ မရှင်သန်လိုဘူးဆိုတဲ့ ထားထက်ထက်နဲ့ မေးမြန်းခြင်း
တော်လှန်ရေးထဲ ပါဝင်လာသူတွေကို လေးစားကြိုဆိုတဲ့ ထားထက်ထက်