မြန်မာနိုင်ငံမှာ Follower အရေအတွက် အများဆုံးထဲက တဦးဖြစ်တဲ့ Facebook Cele ဖြူဖြူထွေးဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက စစ်အာဏာသိမ်းမှုအပေါ် ထိရောက်တဲ့ လုပ်ဆောင်မှု နည်းပါးခဲ့တာကြောင့် ဆိုရှယ်မီဒီယာမှာ ဝေဖန်မှုများစွာ ခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ ဖြူဖြူထွေးက ရွာလုံးကျွတ် မီးရှို့ခံခဲ့ရတဲ့ ကင်းမရွာ မီးလောင်မှုအတွက် သွားရောက် လှူဒါန်းရာမှာ Live လွှင့်ကာ ဗီဒီယိုဖိုင်တင်ခဲ့တာကြောင့် ဒေသခံများနဲ့ အလှူရှင်များ မြေပြင်မှာ အခက်အခဲ ကြုံတွေ့ခဲ့ရပြီး အဲဒီအပေါ် ပြည်သူများက ဖြူဖြူထွေးကို Boycott (သပိတ်မှောက်) ဆန့်ကျင်နေကြပါတယ်။
ဖြူဖြူထွေး ပါဝင် ကြော်ငြာခဲ့တဲ့ စီးပွားရေး လုပ်ငန်းများကို ပြည်သူများက Boycott လုပ်နေကြပြီး၊ ဖြူဖြူထွေးနဲ့ ကြော်ငြာထားတဲ့ ဓာတ်ပုံ၊ ဗီဒီယိုဖိုင်များကို ဆိုရှယ်မီဒီယာကနေ ပြန်လည် ဖြုတ်ချပေးဖို့ တောင်းဆိုမှုများလည်း ရှိနေပါတယ်။
လတ်တလောမှာတော့ ဖြူဖြူထွေးနဲ့ လက်တွဲ လုပ်ကိုင်ခဲ့တဲ့ လုပ်ငန်းအချို့ဟာ လက်ရှိ ဖြူဖြူထွေးနဲ့ လက်တွဲ လုပ်ကိုင်နေခြင်း မရှိကြောင်း၊ နောက်နောင်လည်း ပရိသတ် ကန့်ကွက်တဲ့ မည်သည့် အနုပညာရှင်နဲ့မှ အလုပ်တွဲလုပ်မည် မဟုတ်ကြောင်း၊ ယခင်က လုပ်ကိုင်ခဲ့ဖူးတဲ့ ကြော်ငြာ ဓာတ်ပုံ၊ ဗီဒီယိုများကိုလည်း ပြန်လည် ဖြုတ်ချလိုက်ကြောင်း တရားဝင် အသိပေး ကြေညာထားကြပါတယ်။
“ဖြူဖြူထွေးသည် ယခင်က ကြော်ငြာကိစ္စအတွက် အတူတကွ အလုပ်လုပ်ခဲ့ဖူးခြင်းသာ ဖြစ်ပါတယ်။ V-Rohto အနေနှင့် လက်ရှိတွင် မည်သည့် အနုပညာရှင်နှင့်မျှ အလုပ်တွဲလုပ်နေခြင်း မရှိပါ။ နောက်နောက်တွင်လည်း V-Rohto ချစ်သူ ပြည်သူများ ကန့်ကွက်သော မည်သည့် အနုပညာရှင်နှင့်မျှ အလုပ်တွဲလုပ်မည် မဟုတ်သောကြောင့် V-Rohto ကို စိတ်အေး ချမ်းသာစွာ ဝယ်ယူသုံးစွဲ နိုင်ပါသည်”လို့ V-Rohto မျက်စဉ်းဆေး Page မှာ ကြေညာထားပါတယ်။
ဒါ့အပြင် Lolane Myanmar အလှကုန် အနေနဲ့လည်း မည်သည့်အနုပညာရှင်နှင့်မှ Brand Ambassador ခန့်အပ်ထားခြင်း မရှိကြောင်း၊ ယခင် လက်တွဲလုပ်ဆောင်ခဲ့ဖူးသော ကြော်ငြာ၊ ဓာတ်ပုံများနှင့် ဗီဒီယိုများ အသုံးပြုခြင်းများလည်း ဖျက်သိမ်း/ရပ်နားပြီး ဖြစ်ပါကြောင်း အသိပေးထားပါတယ်။
“Samsung Myanmar အနေနှင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ဖြူဖြူထွေးနှင့် ကမ်ပိန်း တခုတည်းသာ လက်တွဲ လုပ်ကိုင်ခဲ့ပြီး အဆိုပါ ကမ်ပိန်းဗီဒီယိုကို သူမ၏ page တွင်သာ အသုံးပြုခဲ့ပါသည်။ ယခုအချိန်တွင် သူမနှင့် လက်တွဲလုပ်ကိုင် ဆောင်ရွက်နေခြင်း လုံးဝ မရှိကြောင်း အသိပေးအပ်ပါသည်”လို့ Samsung Myanmar ကုမ္ပဏီက အသိပေး ကြေညာထားပါတယ်။
“ဖြူဖြူထွေးသည် Centuri နဲ့ ကြော်ငြာကိစ္စနှင့် အလှူဒါန်းကိစ္စ ပြုလုပ်ခဲ့ဖူးပါသည်။ သို့သော် ဒီဇင်ဘာ ၁၃၊ ၂၀၂၀ တွင် လုပ်ကိုင်ခဲ့သည် ဖြစ်ပြီး ယခု ဆက်လက်လုပ်ကိုင်ခြင်း မရှိတော့ပါ။ ဖြူဖြူထွေးနှင့် ပတ်သက်သည့် video များကိုလည်း Centuri Page မှ ဖျက်ပြီးပါကြောင်း အသိပေးပါသည်။ Centuri သည် ယခု မည်သည့် Brand Ambassador မှ ခန့်အပ်ထားခြင်း မရှိသည့်အတွက် Centuri ပစ္စည်းများကို စိတ်ချစွာ ဝယ်ယူသုံးစွဲနိုင်ပါသည်”လို့ Centuri Page က ကြေညာထားပါတယ်။
ဒါ့အပြင် “Bella” အလှကုန်၊ “ဦးကာက ဒေါ်စိန်” လက်ဖက်၊ “Shin Shin”စားသောက်ကုန်၊ “ရွှေပြည်နန်း” မြန်မာ့သနပ်ခါး၊ “T-Home” Electronics ၊ “Rainbow” ဆပ်ပြာ၊ “Sunday” ကော်ဖီ စတဲ့ နာမည်ကြီး အမှတ်တံဆိပ် လူသုံးကုန်၊ စားသုံးကုန်၊ အလှကုန်ပစ္စည်း ကုမ္ပဏီများကလည်း အသီးသီး ဖြူဖြူထွေးနဲ့ လက်တွဲ ဖြုတ်ထားကြောင်း သူတို့ရဲ့ ဆိုရှယ်မီဒီယာမှာ ကြေညာထားကြပါတယ်။
Facebook Cele ဖြူဖြူထွေးဟာ ဆိုရှယ်မီဒီယာမှာ Follower ပေါင်း ၈ ဒသမ ၉ သန်းကျော် ရှိပြီး၊ ဖြူဖြူထွေးဟာ Faceboook မှာ ကုန်ပစ္စည်းများ၊ လုပ်ငန်းများအတွက် ကြော်ငြာ ဗီဒီယိုများစွာ ရိုက်ကူးခဲ့သလို၊ အလှူအတန်းများ လုပ်ကိုင်ရင်း နာမည်ကြီး လူသိများလာသူ ဖြစ်ပါတယ်။
You may also like these stories:
“မတရားမှုနဲ့ ဆက်နွယ်မနေရင် Boycott အောင်မြင်ပြီ”လို့ Leo ဆို
စိုင်းစိုင်းခမ်းလှိုင်နဲ့ လက်တွဲမှု ရပ်ဆိုင်းထားကြောင်း လုပ်ငန်းအချို့ ထုတ်ပြန်
နေခြည်ဦးနဲ့ လက်တွဲ လုပ်ဆောင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းများ လက်တွဲဖြုတ်