ရော့ခ်ဂီတ အဆိုတော်တဦးဖြစ်တဲ့ အဆိုတော် ရေမွန်ဟာ ယနေ့၊ ဇွန်လ ၂၃ ရက်နေ့ မနက်ပိုင်းက ငှက်ဖျားရောဂါကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။
အသက် ၃၁ နှစ်အရွယ်၊ အဆိုတော် ရေမွန်ဟာ ဦးနှောက်ထဲ ငှက်ဖျားပိုးဝင်ကာ ကွယ်လွန်သွားကြောင်း သူနဲ့ နီးစပ်ရာ အနုပညာအသိုင်းအဝိုင်းက အတည်ပြု ပြောဆိုထားပါတယ်။
Idiots Band ရဲ့ ပင်တိုင်အဆိုတော် ရေမွန် ကွယ်လွန်မှုနဲ့ ပတ်သက်ပြီး အနုပညာ အသိုင်းအဝိုင်းမှ အနုပညာရှင်များက အခုလိုပဲ စိတ်မကောင်းစကားများ ဆိုထားကြပါတယ်။
သရုပ်ဆောင် မင်းမော်ကွန်း
“တွတ်ပီရေ စိတ်မကောင်းလိုက်တာ။ ကောင်းရာဘုံဘဝမှာ ငြိမ်းချမ်းပါစေ”
အဆိုတော် ထူးအယ်လင်း
“သွားနှင့်ပေါ့ကွာ။ ငါတို့သည်လည်း တနေ့ပေါ့။ ကောင်းရာဘုံဘဝ ရောက်ပါစေဗျာ”
အဆိုတော် တင်ဇာမော်
“မယုံနိုင်ဘူး၊ မယုံချင်ဘူး။ မောင်လေးငယ် (ရေမွန်) အမှန်သတင်း မဟုတ်ပါစေနဲ့ ဆုတောင်းရင်း။ အမှန်တကယ်သာ ဆိုခဲ့ရင်လည်း မောင်လေးနဲ့အတူ သူရဲကောင်းတွေအားလုံး ကောင်းရာမွန်ရာ ငြိမ်းအေးပါစေတော့”
အဆိုတော် ခင်ဘုဏ်း
“ရင်တွေ ကွဲရပါတယ်။ မဟုတ်ပါစေနဲ့ ဆုတောင်းနေရင်းက ငိုရပြီ။ နှမြောလွန်းလို့ ပြောစရာ စကားလုံး မရှိ။ အသက်ငယ်ပေမယ့် သူ့အနုပညာကို လေးစားလွန်းလို့ပါ။ သူ့ဖန်တီးမှု၊ သူ့သီချင်းတိုင်းကို အကုန်ကြိုက်ခဲ့တာ။ ကိုယ့်ရဲ့ “အယုံလွယ်သူ” အခွေ တခွေလုံးလည်း သူ ဟာမိုနီ ဆိုပေးခဲ့တာ။ မောင်လေး တွတ်ပီရယ် အရမ်းစောလွန်းတယ်”
အဆိုတော် ဘန်နီဖြိုး
“သူတို့ဟာ အေးချမ်းတဲ့အရပ်ဆီ လွတ်မြောက်သွားခဲ့ကြ။ နှုတ်ဆက်ရင်း၊ လွမ်းဆွတ်ရင်း၊ ချီးမြှောက်ရင်း ဝဋ်ကြွေးပိုကြီးတဲ့ ငါတို့သာ တရက်ပြီးတရက် ပူလောင်ရင်း ဖြတ်သန်းရဦးမယ်။ R.I.P Ko Raymond”
အဆိုတော် လမင်းခ
“သီချင်းတွေ နားလည်တတ်စ အရွယ်ကတည်းကနေ အခုထိ ရင်ထဲမှာ အရမ်းချစ်ရတဲ့ အနုပညာရှင် တယောက်မို့ မယုံချင်သေးဘူး။ Rest in power brother. You are always loved and never forgotten”
အဆိုတော် မီးနို
“ငြိမ်းချမ်းစွာနဲ့ အနားယူပါတော့ လူဆိုးကြီး”
You may also like these stories:
ကျားပေါက်၊ ရေမွန်၊ နိုဗန်ထူးနဲ့ ဟန်နေတာတို့ ဖန်တီးထားတဲ့ “Headshot” သီချင်း
အဆိုတော် ရေမွန် ကွယ်လွန်မှုအတွက် အနုပညာရှင်များရဲ့ ဝမ်းနည်းစကား