ယနေ့၊ ဇွန်လ ၂၃ ရက်နေ့ဟာ ဂီတလောကအတွက် ကြေကွဲစရာကောင်းတဲ့ ဆုံးရှုံးမှုတခု ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ အနုပညာ ကြယ်ပွင့်တပွင့်ဖြစ်တဲ့ Idiots အဖွဲ့မှ အဆိုတော် ရေမွန်ဟာ သူချစ်ခင်ရတဲ့ ဂီတလောကကို အပြီးတိုင် နှုတ်ဆက် ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
“စိတ်ဖြောင့်ဖြောင့်နဲ့သာ ချန်ခဲ့… ကံမကုန်ရင် ပြန်ဆုံဦးမှာပဲ” ဆိုတဲ့ သူ့ရဲ့ သီချင်းသံကတော့ ပရိသတ်တွေ နားထဲမှာ အမြဲတမ်း ပျံ့လွှင့်နေဦးမှာပါ။ “တွတ်ပီ”လို့ အများက ချစ်စနိုးခေါ်ကြတဲ့ ရေမွန်ကို ဂီတအသိုင်းအဝိုင်းမှာတင်မက သရုပ်ဆောင်များကလည်း ချစ်ခင်ကြပါတယ်။
ယနေ့ (ဇွန်လ ၂၃ ရက်) မနက်ပိုင်းမှာ ငှက်ဖျားရောဂါကြောင့် ကွယ်လွန်သွားခဲ့တဲ့ အဆိုတော် ရေမွန်အတွက် အနုပညာလောကမှ သရုပ်ဆောင်များက စိတ်မကောင်းစကားများ ဆိုထားကြပါတယ်။

“R.I.P ပါ သူငယ်ချင်းလေးရယ်။ တကယ် အရည်အချင်းရှိတဲ့ အနုပညာရှင် စစ်စစ်ပါ။ လူကောင်းတွေမှ အစောကြီး ခေါ်သွားရတယ်လို့။ ငါတို့ ထပ်မတွေ့ရတော့ဘူးဆိုတာ တွေးပြီး တကယ် စိတ်မကောင်းဘူး”လို့ သင်ဇာဝင့်ကျော်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ဖိလစ်ပိုင် မော်ဒယ် Sinon Loresca ကလည်း “ငါ မင်းကို သေချာမသိပေမယ့် ငါ မြန်မာပြည်မှာ ရှိတုန်းက မင်းရဲ့ သီချင်း တချို့ကို နားထောင်ခဲ့ဖူးတယ်။ မင်းဟာ ရုပ်ရည်ချောပြီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပါ။ ကောင်းရာမွန်ရာ ရောက်ပါစေ။ Legends Never Die”လို့ ဆုတောင်းပေးထားပါတယ်။
“Idiots အဖွဲ့က ရေမွန် ဆုံးသွားတာ သိရတဲ့အတွက် မိသားစုနဲ့ထပ်တူ စိတ်မကောင်းဖြစ်ရပါတယ်။ Idiots ရဲ့ သီချင်းတွေကို အရမ်းကြိုက်တာ “မင်းနဲ့ နီးဖို့” ၊ “ဝမ်းနည်းတတ်တဲ့ ချစ်သူ” ၊ “တွေ့ရတာ ဝမ်းသာတယ်” သီချင်းတွေ ဖုန်းထဲ အခုထိ ရှိတယ်။ နားထောင်နေဆဲ။ ကိုယ်အားပေးတဲ့ အနုပညာရှင်တယောက် ကြွေလွင့်သွားတာ တကယ် စိတ်တော်တော် မကောင်းဘူး။ ကောင်းရာသုဂတိ လားပါစေ ရေမွန်”လို့ ဥက္ကာမင်းမောင်က ပြောထားပါတယ်။

သရုပ်ဆောင် ယွန်းယွန်းကလည်း အဆိုတော် ရေမွန်ကို အသက် ၁၆ နှစ်ကတည်းက အားပေးခဲ့တာဖြစ်ပြီး၊ နောက်ဘဝ လွတ်လပ်တဲ့ နေရာမှာ အနုပညာရှင် ပြန်ဖြစ်ပါစေလို့ ဆုတောင်းပေးထားပါတယ်။
“အသက် ၁၆ နှစ်လောက်မှာ သူ့သီချင်းတွေ စနားထောင်တတ်တဲ့ အချိန်ကတည်းက အခုချိန်ထိ တလမှ နားမထောင်ဖြစ်ဘူးဆိုတာ မရှိခဲ့ဘူး။ နောက်တခါတော့ လွတ်လပ်တဲ့ နေရာမှာ အနုပညာရှင် ပြန်ဖြစ်ပါ။ Rest In PowerLegends live forever”လို့ ယွန်းယွန်းက စိတ်မကောင်းစွာ ဆိုထားပါတယ်။
အခြားသော အနုပညာရှင်များကလည်း ရေမွန်အတွက် စိတ်မကောင်းစကားများ ဆိုထားကြပြီး၊ သရုပ်ဆောင် ဇွဲနိုင်ဝင်းကလည်း ညီတယောက်လို ခင်မင်ရတဲ့အတွက် အခုလိုပဲ ဝမ်းနည်းစကား ဆိုထားပါတယ်။

“ကျနော်နဲ့ ဘယ်နေရာ ဘယ် Bar မှာ ဘယ်ချိန်တွေ့တွေ့ ကျနော်တို့ ညီအစ်ကိုတွေ အေးဆေး ဆုံချင်သေးတယ်။ ဆုံမယ်နော် အစ်ကိုလို့ အမြဲပြောပြီး နှုတ်ဆက်တတ်တဲ့ ညီလေး။ စိတ်မကောင်းဘူးကွာ။ ညီလေး ကောင်းရာသုဂတိ လားပါစေ”လို့ ဇွဲနိုင်ဝင်းက ပြောထားပါတယ်။
အဆိုတော် ရေမွန်ဟာ ကွယ်လွန်ချိန်မှာ အသက် ၃၂ နှစ်အရွယ် ရှိပြီဖြစ်ပြီး၊ ရေမွန်ရဲ့ “ချန်ခဲ့” ၊ “ဝမ်းနည်းတတ်တဲ့ ချစ်သူ”၊ “သေလို့ရတယ်”၊ “ဆုလာဘ်” ၊ “တွေ့ရတာ ဝမ်းသာတယ်” စတဲ့ သီချင်းများဟာ ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ သီချင်းတွေ ဖြစ်ပါတယ်။
You may also like these stories:
ကျားပေါက်၊ ရေမွန်၊ နိုဗန်ထူးနဲ့ ဟန်နေတာတို့ ဖန်တီးထားတဲ့ “Headshot” သီချင်း
အဆိုတော် ရေမွန် ကွယ်လွန်မှုအတွက် အနုပညာရှင်များရဲ့ ဝမ်းနည်းစကား
ရေမွန်အတွက် အနုပညာရှင်များရဲ့ ကြေကွဲ ဝမ်းနည်းစကား